မိုးနှောင်းကာလ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်း ၃ ကြိမ်ဖြစ်ပေါ်နိုင်ပြီး ၂ ကြိမ်က ပိုမိုအားကောင်းလာကာမုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဩဂုတ် ၂၈ ရက်မှာထုတ်ပြန်ထားပါတယ်။
လာမယ့် စက်တင်ဘာ ၁ ရက်ကစပြီး အနောက်တောင်မုတ်သုံလေဟာ မြန်မာနိုင်ငံတစ်ဝန်းလုံးကနေ ပြန်လည်ဆုတ်သွားဖို့ ရှိတယ်လို့ဆိုပါတယ်။ မိုးနှောင်းကာလမှာတော့ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်း ၃ ကြိမ်ဖြစ်ပေါ်နိုင်ပြီး ၂ ကြိမ်က ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်ကိုရောက်ရှိနိုင်သလို အနောက်တောင်မုတ်သုံလေဟာ ကပ္ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာ အားအနည်းငယ်ကနေ အားအသင့်အတင့်ရှိနိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဩဂုတ် ၂၇ ရက်၊ မွန်းလွဲ ၁ နာရီခွဲအချိန်တိုင်းထွာချက်တွေအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတို့မှာ ဩဂုတ် ၂၉ ရက်မှာ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ် နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မိုးနှောင်းကာလ မိုးရွာသွန်းမှုအခြေအနေအနေနဲ့ တနင်္သာရီတိုင်းဒေသကြီးမှာ ရွာသွန်းမြဲထက်ပိုနိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ ရွာသွန်းမြဲအောက်လျော့နည်းနိုင်ကာ နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ် ၁၃ ခုမှာတော့ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
လာမယ့် စက်တင်ဘာလအတွက် မြစ်ရေအခြေအနေ ခန့်မှန်းချက်ကတော့ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ မြစ်သာမြစ်၊ စစ်တောင်းမြစ်၊ ရွှေကျင်မြစ်၊ ပဲခူးမြစ်၊ သံလွင်မြစ်၊ သောင်ရင်းမြစ်၊ ငဝန်မြစ်၊ တိုးမြစ်နဲ့ဘီးလင်းမြစ်ရေတွေဟာ သက်ဆိုင်ရာမြို့အသီးသီးမှာ ၁ ကြိမ်စီစိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်ရောက်ရှိနိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။