မန္တလေးတိုင်းဒေသကြီးမှာ မိုးသည်းထန်စွာရွာသွန်းတာကြောင့် ရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့ပြီး စက်တင်ဘာလ(၁၁)ရက်နေ့အထိ ရေဘေးကြောင့်သေဆုံးသူ(၁၁)ယောက်ရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပုသိမ်ကြီးမြို့နယ်၊ ကျီကုန်းကျေးရွာ၊ ဝါးကပ်တန်းရပ်ရှိ မင်္ဂလာမြောင်းအတွင်းမှာ စက်တင်ဘာ(၁၁)ရက်က အမျိုးသမီး(၁)ယောက်ရေနစ်သေဆုံးခဲ့ပြီး သေဆုံးသူရဲ့ရုပ်အလောင်းကို နေ့လယ်ပိုင်းမှာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။

အလားတူ ရမည်သင်းမြို့နယ်မှာလည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆည်ကြီးကျေးရွာက(၁)ယောက်၊ ညောင်အိုင်ကျေးရွာက(၁)ယောက်၊ ကံသာအေးကျေးရွာက(၆)ယောက်၊ ရွှေနန်းပေါ်ကျေးရွာက(၁)ယောက်နဲ့ ချောင်းဖျားကျေးရွာက(၁) ယောက် စုစုပေါင်း(၁၀)ယောက်သေဆုံးခဲ့တယ်လို့ဆိုပါတယ်။
ရမည်သင်းမြို့နယ်အတွင်းက ရေဘေးသင့်ပြည်သူတွေကိုတော့ ရမည်းသင်းမြို့နယ် မီးသတ်စခန်းက မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့သက်ဆိုင်ရာအဖွဲ့အစည်းတွေပူးပေါင်းပြီး သီလဝခန်းမ၊ သာသနာ့ဗိမာန်၊ ဘုန်းကြီးကျောင်း၊ ရွာတန်းခန်းမ၊ ကိုးခန်းကြီးဓမ္မာရုံ၊ ရန်ကြီးအောင်ကျောင်းစတဲ့ ရေဘေးရှောင်နေရာတွေနဲ့ နီးစပ်ရာဆွေမျိုးတွေဆီကို ကူညီရွှေ့ပြောင်းပေးတာတာတွေ ဆောင်ရွက်ပေးခဲ့တယ်လို့သိရပါတယ်။
တိုင်းဒေသကြီးနဲ့ပြည်နယ်အချို့မှာ မိုးသည်းထန်စွာရွာသွန်းတာ၊ ချောင်းရေမြစ်ရေမြင့်တက်တာနဲ့ တောင်ကျရေကျဆင်းတာတွေကြောင့် ရေကြီးရေလျှံမှုတွေဖြစ်ပွားပြီး ပြည်သူအများအပြား ရေဘေးသင့်တာတွေရှိနေတယ်လို့လည်းသိရပါတယ်။