မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်မှာ အခုရက်ပိုင်းအတွင်း ဧရာဝတီမြစ်ရေ သိသိသာသာ မြင့်တက် လာပြီး မြစ်ရေဝင်ရောက်တာကြောင့် ဇူလိုင် ၁၂ ရက်၊ မနက်ပိုင်းက ရေဘေးသင့်အိမ်ထောင်စု ၃၄၀ ကျော်ကို ယာယီ ကယ်ဆယ်ရေးစခန်းတွေကို ကြိုတင်ပြောင်းရွှေ့နေရာချထားတယ်လို့ မြို့နယ်သဘာဝဘေးအန္တရာယ် စီမံ ခန့်ခွဲမှု အဖွဲ့ကနေ သိရပါတယ်။
မင်းဘူးမြို့ပေါ်ရှိ ရပ်ကွက်ပေါင်း ၄ ရပ်ကွက်က အိမ်ထောင်စုတွေအပြင် ကျေးရွာ ၉ ခုက အိမ်ထောင်စုပေါင်း ၃၄၆ စု၊ လူဦးရေ အယောက် ၁၁၆၀ နဲ့ ကျွဲ၊ နွား တိရစ္ဆာန်တွေကို ရေဘေးလွတ်ရာနေရာတွေကို ပြောင်းရွှေ့ကူညီ ပေး ထားတယ်လို့ ဆိုပါတယ်။
အဲဒီအပြင် မြို့နယ်အတွင်းရှိ စာသင်ကျောင်း ၃ ကျောင်းကိုလည်း မြစ်ရေပြန်ကျတဲ့ အချိန်အထိ ထပ်မံပိတ်ထားခဲ့ ရတယ်လို့လည်း ပြောပါတယ်။
ရေဘေးသင့်အိမ်ထောင်စုတွေကိုတော့ နေရာဒေသအလိုက် ယာယီကယ်ဆယ်ရေးစခန်းတွေ နီးစပ်ရာ ဆွေမျိုးတွေနဲ့ မိတ်ဆွေအိမ်တွေအပြင် ရှင်ပင်ကြောင်လိမ်ဘုရား၊ ရှင်မင်းပူးဘုရား၊ မှန်ကင်းကျောင်းတိုက်၊ ချမ်းသာကြီးဘုရား၊ မြသိန်းတန်ဘုရား၊ မင်းဘူး အ.ထ.က (၁) ဘောလုံးကွင်းတို့မှာ ကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ပြီး ယာယီပြောင်းရွှေ့ ထားကာ ကူညီကယ်ဆယ်ရေးပစ္စည်းတွေနဲ့ ဆန်ရိက္ခာဖိုး ထောက်ပံ့ပေးနိုင်ရေး စီစဉ်ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။