စက်တင်ဘာလဒုတိယပတ်အတွင်း ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ လေဖိအားနည်းရပ်ဝန်း(၂)ကြိမ် ဖြစ်ပေါ်နိုင်ပြီး (၁)ကြိမ်ကတော့ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်ကိုရောက်ရှိနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာ ၁၁ ရက်မှာထုတ်ပြန်ထားပါတယ်။
အနောက်တောင်မုတ်သုံလေဟာ စက်တင်ဘာ ၁၅ ရက်ကနေ ၂၀ ရက်အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွေကနေ ဆုတ်ခွာသွားဖွယ်ရှိပြီး ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ အားအသင့်အတင့်ရှိနိုင်တယ်လို့ဆိုပါတယ်။

မိုးရွာသွန်းမှုအခြေအနေနဲ့ကတော့ နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနဲ့ပြည်နယ်အချို့မှာ ရွာသွန်းမြဲထက် ပိုနိုင်ပြီး ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းအပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်အချို့မှာ မိုးထစ်ချုန်းရွာနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေနဲ့ အနောက်မြောက်ပိုင်းဒေသတွေကိုဖြတ်ကျော်နေတဲ့ လေပွေလှိုင်းဟာ အနောက်-အနောက်မြောက်ဘက်ကို ဖြည်းညင်းစွာဆက်လက်ရွေ့လျားနိုင်ပြီး ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ ဆက်လက်ဖြတ်ကျော်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။