ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်မှာ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်နေပြီး နေအိမ် တွေမှာ ပိတ်မိနေသူတွေကို ဝိုင်းဝန်းပူးပေါင်းပြီး ကယ်ဆယ်ပေးနေရတယ်လို့ သုညသုခ ပရဟိတအသင်းကနေ သိရပါတယ်။
လက်ရှိမှာတော့ ဗန်းမော်မြို့နယ်အတွင်းက ကျေးရွာတချို့မှာ ရေတက်ပြီး နေအိမ်တွေမှာ ပိတ်မိနေသူတွေကို ကယ်ထုတ်ရွှေ့ပြောင်းပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဇူလိုင် ၄ ရက် မွန်းလွဲ ၁၂နာရီခွဲအချိန်တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေဟာ ဗန်းမော်မြို့မှာ စိုးရိမ်ရေမှတ်အထက် ၄ ပေခန့် ကျော်လွန်ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ပေဝက်ခန့် ကျဆင်းနိုင်ပေမယ့် စိုးရိမ်ရေမှတ် အထက် မှာ ဆက်ရှိနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
ဇူလိုင် ၃ ရက်အထိ စာရင်းတွေအရ ဗန်းမော်မြို့နယ်မှာ အိမ်ထောင်စု ၄၉၃၃ စု၊ လူဦးရေ ၂၂၃၆၁ ယောက်ကို ရေဘေးလွတ်ရာကို ရွှေ့ပြောင်းပေးထားရပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေက နေရာထိုင်ခင်းနဲ့ စားသောက်ဖွယ် ရာတွေ ကူညီထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။