နေပြည်တော်က ပေါင်းလောင်းနဲ့ ငလိုက်တမံ (၂)ခုသာ ရေကျော်နေတာရှိတယ်လို့ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးကောင်းမြတ်သိန်းက ပြောပါတယ်။
ပေါင်းလောင်း ရေလှောင်တမံ အနေနဲ့ ရေပိုလွှဲက ၁၁ ပေခွဲလောက် ရေကျော်စီးဆင်းခဲ့ကာ ဆင်သေချောင်းရေဟာလည်း ပေါင်းလောင်းချောင်း ထဲကို စီးဝင်နေတာဖြစ်လို့ ပေါင်းလောင်းချောင်းရေ မြင့်တက်လာတာဖြစ်ပြီး ပေါင်းလောင်းရေလွှဲဆည်မှာ ၁၁ ပေလောက် ရေကျော်စီးဆင်းခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီရေတွေဟာ ဆက်လက်စီးဆင်းပြီး တောင်ငူမြို့ကို မကြာခင်ရောက်ရှိသွားမှာဖြစ်ပါတယ်။ စစ်တောင်းမြစ်ရေကလည်း မြင့်တက်လာနိုင်တဲ့အတွက် ဒေသခံပြည်သူတွေကို ရေဘေးကာကွယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေတယ်လို့ ညွှန်ကြားရေးမှူး ဦးကောင်းမြတ်သိန်းက ပြောပါတယ်။

လက်ရှိမှာတော့ ရေပိုလွှဲကနေ ရေကျော် စီးဆင်းပြီး မူလချောင်းထဲကို ပြန်စီးဝင်နေတဲ့ ရေလှောင်တမံ ၆၃ ခုရှိတယ်လို့လည်း ဆိုပါတယ်။
အလားတူ မန္တလေးတိုင်းထဲက ရမည်းသင်း၊ ပျော်ဘွယ် စတဲ့ ဒေသတွေမှာတော့ အရှေ့ဘက် ရှမ်းကုန်းပြင်မြင့်မှာ စံချိန်တင် မိုးတွေ ရွာခဲ့လို့ ရေတွေအလုံးအရင်းနဲ့ စီးဆင်းလာကာ အဲဒီဒေသတွေမှာရှိတဲ့ ဆည်ငယ်၊ ကန်ငယ်တွေ ထဲကို စီးဝင်ပြီး တာပေါင်ပေါ် ရေကျော်တာ၊ ရေတိုက်စားတာတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ မိုးနည်းလာပြီဖြစ်တဲ့အတွက် တမံကြီးတွေမှာ ရေဝင်ရောက်မှု လျော့ကျလာသလို ချောင်းတွေ မြစ်တွေရဲ့ ရေထုတ် နုတ်နိုင်စွမ်းထက် ပိုမိုတဲ့ပမာဏတွေ စီးဝင်ခဲ့တာကြောင့် ရေနစ်မြုပ်ချိန် ကြာနေတာ ဖြစ်တယ်လို့လည်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက One News ကို ဖြေကြားထားပါတယ်။