နေပြည်တော်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ပေါ်နေပြီး အဲဒီ ရေကြီး မှုအတွင်း စက်တင်ဘာ ၁၂ ရက်က ရေတွေဝင်ရောက်ခဲ့တဲ့ နေအိမ်တွေက ပြည်သူ တစ်ထောင်ကျော်ကို ရေဘေး လွတ်ရာနေရာတွေကို ကူညီကယ်ဆယ် ရွှေ့ပြောင်းပေးခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်၊၊
အဲဒီလို ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ရာမှာ မီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ကိုယ်တိုင်ဦးဆောင်ပြီး ရေဘေးသင့်ပြည်သူတွေကို ရေဘေးလွတ်ရာတွေကို ကူညီကယ်ဆယ်ရွှေ့ပြောင်းပေးနေတာဖြစ်တယ်လို့ဆိုပါတယ်၊၊

ရေကြီးမှုအတွင်း စက်တင်ဘာ ၁၂ ရက်တစ်ရက်တည်းမှာပဲ နေပြည်တော်အတွင်းရှိ မြို့နယ်၊ ရပ်ကွက်နဲ့ကျေးရွာတွေက ပြည်သူတစ်ထောင်ကို ကူညီကယ်ဆယ်ပြောင်းရွှေ့ပေးနိုင်ခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကိုလည်း အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်၊၊
လူမှုကယ်ဆယ်ရေးအဖွဲ့တွေကလည်း ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နေပြီး ကယ်ဆယ်ရေးစခန်းတွေဖွင့်လှစ်ကာ ကူညီဆောင်ရွက်ပေးနေရတယ်လို့သိရပါတယ်၊၊ လက်ရှိမှာနေပြည်တော်၊ တပ်ကုန်းမြို့နယ်နဲ့ ပုဗ္ဗသီရိမြို့နယ်အတွင်းမှာ ရေကြီးရေလျှံမှုတွေကြောင့် သေဆုံးသူအချို့ရှိပြီး ရေထဲမျောပါသူတွေလည်းရှိတယ်လို့ ဒေသခံလူမှုကူညီရေးအသင်းတွေကနေသိရပါတယ်၊၊