နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ် ၇ ခုမှာ ရေကြီးရေလျှံမှုတွေကြောင့် စက်တင်ဘာ ၁၂ ရက်အထိ ယာယီ ရေဘေးရှောင်စခန်း ၇၀ ကျော် ဖွင့်လှစ်ထားပြီး ရေဘေးသင့်ပြည်သူ ရှစ်သောင်းကျော် ရှိတယ်လို့ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်လေးရွှေဇင်ဦးက One News ကို ပြောပါတယ်။
နေပြည်တော်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ကယား၊ ကရင်၊ မွန်နဲ့ ရှမ်းပြည်နယ်တွေမှာ ယာယီ ရေဘေးရှောင်စခန်း ၇၀ ကျော် ဖွင့်လှစ်ထားပြီး ရေဘေးသင့်ပြည်သူ ရှစ်သောင်းကျော်လောက်ရှိနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ယာယီရေဘေးရှောင်စခန်းတွေမှာ ခိုလှုံနေတဲ့ ပြည်သူတွေကို ထောက်ပံ့ရေးပစ္စည်း ကျပ် ၁၂ သန်းကျော်ဖိုး ထောက်ပံ့ပေးပြီး ဖြစ်တယ်လို့ ညွှန်ကြားရေးမှူး ဒေါ်လေးရွှေဇင်ဦးက ပြောပါတယ်။

လတ်တလော ရေဘေးအန္တရာယ်အများဆုံး ကြုံတွေ့နေရတဲ့ နေပြည်တော်မှာတော့ စက်လှေ၊ အသက်ကယ် အင်္ကျီ စတဲ့ ကယ်ဆယ်ရေးပစ္စည်းတွေနဲ့ စားနပ်ရိက္ခာတွေလည်း ထောက်ပံ့ပေးနေတယ်လို့ ဆိုပါတယ်။
ရေကြီး ရေလျှံတဲ့ နေရာတွေမှာတော့ ရေပြန်ကျသွားတဲ့အခါ နေအိမ်တွေ ပျက်စီးတာတွေရှိရင် ထောက်ပံ့ပေးသွားဖို့ကို လည်း စီစဉ်သွားမယ်လို့ ညွှန်ကြားရေးမှူး ဒေါ်လေးရွှေဇင်ဦးက ပြောပါတယ်။
နေပြည်တော်နဲ့ မန္တလေးတိုင်းဒေသ ကြီးမှာတော့ ရေကြီးရေလျှံမှုတွေကြောင့် စက်တင်ဘာ ၁၂ ရက်အထိ သေဆုံးသူ ၃၇ ယောက် ရှိထားတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။