မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် တိုင်းဒေသကြီး နဲ့ ပြည်နယ် ၁၀ ခုမှာ ရေဘေးရှောင်စခန်း ၆၀၀ ကျော် ဖွင့်လှစ်ထားပြီး ရေဘေးသင့်ပြည်သူ နှစ်သိန်းကျော် ရှိတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက သိရပါတယ်။
ဇူလိုင် ၂၉ ရက်ထိ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသ ကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး နဲ့ ဧရာဝတီ တိုင်းဒေသကြီးတို့မှာ ရေကြီးရေလျှံမှုတွေကြောင့် အိမ်ထောင်စု ငါးသောင်းကျော်၊ ရေဘေးသင့်ပြည်သူ နှစ်သိန်း ကျော် ပြောင်းရွှေ့နေထိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီရေဘေးကြုံတွေ့ခဲ့ရတဲ့ အိမ်ထောင်စုတွေအတွက် ဆန်ရိက္ခာဖိုး နဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ အပါအဝင် ငွေ ကျပ်သိန်းပေါင်း ၄၆၀၀ ကျော် ထောက်ပံ့ပေးထားပြီ ဖြစ်တယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
လက်ရှိအခြေအနေမှာ နိုင်ငံတစ်ဝန်း မိုးရွာသွန်းမှု ဆက်တိုက်များပြားနေပြီး ရေဘေးရှောင်ပြည်သူတွေအနေနဲ့ ရေဘေးရှောင်စခန်းတွေမှာ ဆက်လက်နေထိုင်နေကာ လိုအပ်တဲ့ ထောက်ပံ့မှုတွေကိုလည်း ဆောင်ရွက်ပေးနေ တယ်လို့ သိရပါတယ်။
ဒါ့အပြင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ဇူလိုင် ၃၁ ရက်၊ မနက် ၆ နာရီခွဲအချိန် တိုင်းတာချက်တွေ အရ ဟင်္သာတ၊ ဇလွန်၊ မဒေါက်၊ ရွှေကျင်၊ ပဲခူး၊ ဘားအံ၊ မြဝတီ၊ ငါးသိုင်းချောင်း၊ သာပေါင်း၊ မအူပင် စတဲ့ မြို့ ၁၀ မြို့မှာ မြစ်ရေတွေဟာ စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်ရောက်ရှိနေပါတယ်။