မြန်မာနိုင်ငံတစ်ဝန်းမြို့အချို့မှာ မြစ်ရေတွေဟာ စိုးရိမ်ရေမှတ်ထက်ကျော်လွန်ရောက်ရှိနေပြီး ရေကြီးနစ်မြုပ်မှုတွေဖြစ်ပွားနေတယ်လို့ လူမှုကူညီရေးအသင်းတွေနဲ့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကနေသိရပါတယ်။
ရေကြီးနစ်မြုပ်မှုတွေဖြစ်ပွားနေတဲ့နေရာတွေကတော့ နေပြည်တော်၊ တပ်ကုန်းနဲ့ ဇေယျာသီရိမြို့နယ်တွေမှာ စက်တင်ဘာ ၁၀ ရက်၊ ညပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆင်သေချောင်းနဲ့ပေါင်းလောင်းမြစ်ရေမြင့်တက်ပြီး စက်တင်ဘာ ၁၁ ရက်၊ မနက်ပိုင်းမှာတော့ ကျေးရွာအချို့မှာ နေအိမ်တွေထဲရေဝင်နစ်မြုပ်မှုတွေဖြစ်ပွားနေတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကနေသိရပါတယ်။

လတ်တလော ရာဂိမုန်တိုင်းအရှိန်ကြောင့် နေပြည်တော်နဲ့အရှေ့ဘက်ကုန်းမြင့်ဒေသတွေမှာ မိုးရွာသွန်းမှုများပြားနေပြီး ပျဉ်းမနားမြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းနေတဲ့ငလိုက်ချောင်း၊ ဆင်သေချောင်းနဲ့ ပေါင်းလောင်းမြစ်တွေမှာ ရေမြင့်တက်နေတယ်လို့လည်းသိရပါတယ်။

မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်၊ ရမည်းသင်းနဲ့ ကျောက်ဆည်မြို့နယ်တွေမှာလည်း မိုးသည်းထန်စွာရွာသွန်းတာတွေ ကြောင့် စက်တင်ဘာ ၁၁ ရက်မှာ ကျေးရွာ၊ ရပ်ကွက်အချို့မှာ ရေဝင်ရောက်မှုဖြစ်ပွားပြီး အိမ်ထောင်စုတွေကို ရေဘေးလွတ်ရာကိုကူညီရွှေ့ပြောင်းပေးနေရတယ်လို့သိရပါတယ်။
ကရင်ပြည်နယ်၊ မြဝတီမြို့၊ ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နဲ့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)က ကလောမြို့၊ တာချီလိတ်မြို့ပေါ် ရပ်ကွက်တွေမှာလည်း စက်တင်ဘာ ၁၁ ရက်မှာ ရေကြီးရေလျှံမှုတွေ ဆက်လက်ဖြစ်ပွားနေပြီးအကူအညီတွေလိုအပ်မှုရှိနေတယ်လို့ ဒေသခံပြည်သူတွေကပြောပါတယ်။
ဓာတ်ပုံ-cj