နေပြည်တော် အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်အချို့မှာ စက်တင်ဘာ ၈ ရက်ကနေ ၁၂ ရက်အတွင်း မိုးကြီးတာတွေနဲ့အတူလေပြင်းတိုက်ခတ်တာတွေဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကထုတ်ပြန်ထားပါတယ်။
တောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့ တိုင်ဖွန်းမုန်တိုင်းရဲ့ အကြွင်းအကျန် တိမ်တိုက်တွေနဲ့ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနဲ့ဆက်စပ်နေတဲ့ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတို့မှာဖြစ်ပေါ်နေတဲ့လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် အခုလိုမိုးကြီးတာနဲ့အတူ လေပြင်းတိုက်ခတ်တာတွေဖြစ်ပေါ်နိုင်တယ်လို့ဆိုပါတယ်။

နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းဒေသကြီးတွေနဲ့ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာနေရာစိပ်စိပ် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသတွေမှာ ဒေသအလိုက်နဲ့ နေရာကွက်ပြီးမိုးကြီးတာတွေနဲ့အတူ လေပြင်းတိုက်ခတ်တာတွေဖြစ်ပေါ်နိုင်တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။
မိုးသည်းထန်စွာရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ လျှပ်တစ်ပြက်ရေကြီးတာနဲ့ မြေပြိုတာ စတဲ့သဘာဝ ဘေးအန္တရာယ်တွေဖြစ်ပေါ်နိုင်တဲ့အတွက် ကုန်းမြင့်ဒေသအနီးမှာနေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်တွေအနီးမှာနေထိုင်ကြသူတွေအနေနဲ့ ရေကြီး၊ ရေလျှံမှုတွေကို ကြိုတင်သတိပြုနိုင်ကြဖို့နဲ့ ပြည်တွင်းရေကြောင်းသွားလာရေးနဲ့ လေကြောင်းပျံသန်းရေးအနေနဲ့လည်း ကြိုတင်သတိပြုနိုင်ကြဖို့ အသိပေးထုတ်ပြန်ထားပါတယ်။