ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ် ၇ ခုမှာ ဇူလိုင် ၁၆ ရက်ကနေ ၂၀ ရက်အတွင်း မိုးကြီးနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇူလိုင် ၁၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေအားကောင်းရာကနေ အားအလွန် ကောင်းနေ တာနဲ့ တောင်တရုတ်ပင်လယ်ပြင်ရှိ လေဖိအားနည်းဆဲလ်ကနေ ရွေ့လျားလာတဲ့ တိမ်တိုက်တွေ အစရှိတာတွေ ကြောင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာအနှံအပြား မိုးထစ်ချုန်းရွာနိုင်ပြီး တချို့နေရာတွေမှာ ဒေသအလိုက်နဲ့ နေရာကွက်ပြီး မိုးကြီးတာတွေဖြစ်ပေါ်နိုင်သလို လေပြင်းတိုက်ခတ်တာတွေလည်း ဖြစ်ပေါ် နိုင်တယ်လို့ ဆိုပါတယ်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းတွေ ကျရောက်နိုင်ပြီး လှိုင်းကြီးရာကနေ လှိုင်းအလွန်ကြီးမယ်လို့ ဆိုပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ် တာ၊ ရုတ်တရက်ရေကြီးတာ၊ မြေပြိုတာ စတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်တဲ့အတွက် ကြိုတင်သတိပြု နေထိုင်ကြဖို့ကိုလည်း အသိပေးထုတ်ပြန်ထားပါတယ်။