မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်အတွင်းမှာရှိတဲ့ ကျွန်းပေါ်ကျေးရွာအုပ်စု ၁၀ စုက ကျေးရွာ ၅၀ ကျော်မှာ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေကြီးနစ်မြုပ်တာတွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။
ဧရာဝတီမြစ်ရေဟာ အထက်ပိုင်းဒေသတွေမှာ မိုးများတာတွေကြောင့် ဇူလိုင် ၁၂ ရက်ကစပြီး မြစ်ရေ ဝင်ရောက် မှုတွေ ဖြစ်ပွားနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဧရာဝတီမြစ်ရေ မြင့်တက်နေတာဟာ ပုံမှန်ရာသီမဟုတ်ဘဲ မြင့်တက်လာတာဖြစ်ပြီး မြစ်ရေတက်မှုကြောင့် ရေတွင်းရေကန်တွေ နစ်မြုပ်ပြီး သောက်သုံးရေအခက်အခဲရှိတယ်လို့ ရေကြည်ပေါက်ကုန်းကျေးရွာမှာ နေထိုင်တဲ့ ဒေသခံ ဦးအောင်မြိုင်က ပြောပါတယ်။

လယ်ယာမြေတွေ နစ်မြုပ်သွားတဲ့အတွက် ဒေသခံတွေအနေနဲ့ အလုပ်အကိုင်တွေပါ ရပ်နားထားရပြီး စားဝတ်နေရေးလည်း အခက်အခဲတွေရှိလာတယ်လို့ ဆိုပါတယ်။
ဧရာဝတီမြစ်ကမ်းတစ်လျောက် အခုရေကြီးနစ်မြုပ်တဲ့ကျေးရွာတွေဟာ ရေကြည်ပေါက်ကုန်း၊ စစ်ကုန်း၊ ရွာသာ ကုန်း၊ ညောင်ချောင်း၊ သဖန်းကုန်း၊ သနပ်ကုန်း၊ ငွေသောင် စတဲ့ ကျေးရွာအုပ်စု ၁၀ စုက ကျေးရွာပေါင်း ၅၀ ကျော် မှာ ဖြစ်ပြီး ဒေသထုတ်ကုန်အနေနဲ့ ငရုတ်၊ ကြက်သွန်၊ အာလူး၊ နှမ်း၊ ပြောင်းနဲ့ မြေပဲ အပါအဝင် ပဲမျိုးစုံ စိုက်ပျိုး လုပ်ကိုင်ကြတယ်လို့ သိရပါတယ်။