မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မှာ အခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် စက်တင်ဘာ ၁၃ ရက် မနက်၇ နာရီအချိန် တိုင်းထွာချက်အရ ကြီးအုံကြီးဝ ရေလှောင်တမံ ရေပိုလွှဲကနေ ၃ ဒသမ ၆ ပေခန့် ရေကျော်နေတယ်လို့ ကြီးအုံကြီးဝရေလှောင်တမံက ရေကင်းတာဝန်ခံ ဦးစီးအရာရှိ ဦးထွန်းလွင်ရဲ့ပြောကြားချက်အရ သိရပါတယ်။
တမံရေပိုလွှဲကနေ ရေကျော်ကျမှုရှိနေပေမယ့်လည်း တမံနဲ့ဆက်စပ်အဆောက်အအုံတွေ ကြံ့ခိုင် ကောင်းမွန်နေတာကြောင့် တမံအောက်ဘက်မှာနေထိုင်တဲ့ ဒေသခံပြည်သူတွေအတွက် စိုးရိမ်စရာအခြေအနေ မရှိဘူးလို့ ဆိုပါတယ်။

ကြီးအုံကြီးဝတမံအတွင်း မိုးရေဝင်ရောက်မှုအခြေအနေနဲ့ တမံရေပိုလွှဲက ရေကျော်ကျမှုအခြေအနေတွေကို တမံ အောက်ဘက်ရှိ ဒေသခံပြည်သူတွေ ကြိုတင်သိရှိနိုင်ဖို့အတွက် တမံရေကင်းတာဝန်ခံ ဦးစီးအရာရှိတွေရဲ့ ကြီးကြပ်မှုနဲ့ ဝန်ထမ်းတွေက (၂၄)နာရီ ရေကင်းတာဝန်တွေကို စောင့်ကြပ်ကြည့်ရှု စစ်ဆေးနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် တမံမှာ သဘာဝဘေးအန္တရာယ်ကင်းဝေးစေရေး စီမံချက်အရ အစိမ်းရောင်အလံ စိုက်ထူထားပြီး အချိန်နဲ့ တစ်ပြေး ညီ အသိပေး၊ သတိပေးနှိုးဆော်ချက်တွေ ထုတ်ပြန်ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။