ပြီးခဲ့တဲ့ ဧပြီလအတွင်းက ကမ္ဘာ့အပူချိန်ဟာ စံချိန်တင်လုနီးပါး မြင့်တက်ခဲ့ပြီး ကမ္ဘာကြီးပူနွေးလာမှု ဘယ်လောက် မြန်ဆန်လာမလဲဆိုတာ မေးခွန်းထုတ်လာကြတဲ့အကြောင်း CNA သတင်းမှာ ဖော်ပြထားပါတယ်။ မနှစ်က အယ်လ်နီညို ရာသီဥတုအခြေအနေ လျော့ပါးခဲ့တာကြောင့် ဒီထူးကဲတဲ့အပူချိန် လျော့သွားမယ်လို့ မျှော်လင့်ထား ပေမယ့် ဒီနှစ်မှာလည်း စံချိန်တင်လုနီးပါး အပူချိန်တွေ မြင့်တက်နေတာဖြစ်ပါတယ်။

၂၀၂၅ ခုနှစ်မှာ အခုလို အပူချိန် ဆက်မြင့်နေတာက စိုးရိမ်စရာဖြစ်ပြီး ဒီလိုဘာကြောင့် ဖြစ်ရတယ်ဆိုတာ အဖြေရှာ မရသေးဘူးလို့ မိုးလေဝသပညာရှင်တစ်ယောက်က ပြောပါတယ်။ ဒီထက်ပိုပူပြင်းလာရင် ရာသီဥတုနဲ့ သဘာဝ ပတ်ဝန်းကျင်အတွက် စိုးရိမ်စရာဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာတွေလောင်ကျွမ်းတာ၊ တိမ်တိုက်ပုံစံတွေ ပြောင်းလဲတာ၊ လေထုညစ်ညမ်းတာနဲ့ သစ်တောနဲ့သမုဒ္ဒရာတွေမှာ ကာဗွန်စုပ်ယူနိုင်စွမ်း လျော့နည်းတာတွေက ကမ္ဘာကြီး ပူနွေးလာမှု လွန်ကဲလာရတဲ့ အကြောင်းရင်းတွေ ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ ၂၀၂၃ နဲ့ ၂၀၂၄ ခုနှစ်တွေက အပူဆုံးနှစ်တွေ အဖြစ် စံချိန်တင်ခဲ့ပြီး အခု ၂၀၂၅ ခုနှစ်ကလည်း တတိယမြောက် အပူဆုံးနှစ် ဖြစ်လာနိင်တယ်လို့ မိုးလေဝသ ပညာရှင်တစ်ယောက်က ခန့်မှန်းသုံးသပ်ထားပါတယ်။