စစ်မှုထမ်းဆောင်ဖို့ ငြင်းဆန်တဲ့ ဘာသာရေးအယူသီး အော်သိုဒေါ့စ်ဂျူး (၁၀၀၀)လောက်ကို ဖမ်းဆီးဖို့ အစ္စရေး စစ်တပ်က ၀ရမ်းထုတ်ပြန်လိုက်ပါတယ်။ ဒီအတွက် ဆယ်စုနှစ်များစွာ အဲဒီဘာသာရေးအုပ်စုအပေါ် ပေးအပ် ထားတဲ့ စစ်မှုထမ်းကင်းလွတ်ခွင့်ကို ဖယ်ရှားရေး ဆုံးဖြတ်ချက်အပေါ်မှာ မကျေမနပ် အငြင်းပွားမှုတွေ အရှိန်မြှင့် လာဖွယ် ရှိနေပါတယ်။
အစ္စရေး စစ်ဘက်တာဝန်ရှိသူက အဲဒီဖမ်းမိန့်ကို အင်္ဂါနေ့က ပါလီမန် ကော်မတီ အစည်း အဝေးတစ်ခုမှာ ထုတ်ပြန် ခဲ့တာဖြစ်ပြီးတော့ စစ်မှုထမ်းဆောင်ဖို့ ဆင့်ခေါ်မှုကို လျစ်လျူရှုထားသူတွေကို ကနဦးမှာ ဆက်သွယ်ခေါ်ဆိုမှု လုပ်မှာဖြစ်ပြီး သူတို့ရဲ့ တာဝန်တွေကို အသိပေးမှာ ဖြစ်တယ်လို့ ပြောပါတယ်။ အဲဒီလို အသိပေးဆက်သွယ် ပြောဆိုတာကို ပူးပေါင်းဆောင်ရွက်မှု မရှိဘဲ ဆက်လက်ငြင်းဆန်သူတွေကိုတော့ ချက်ချင်း ဆင့်ခေါ်တာ ဒါမှမဟုတ် စစ်မှုထမ်းဆောင်ဖို့ ပျက်ကွက်သူအဖြစ် ကြေညာမှာဖြစ်တယ်လို့ ပြောဆိုရှင်းလင်းသွား ပါတယ်။
အဲဒီလို ကြေညာခံရသူတွေကို ပြည်ပခရီးသွားလာခွင့် ပိတ်ပင်မှာဖြစ်ပါတယ်။ အစ္စရေးဟာ ဂါဇာစစ်ပွဲ တစ်နှစ်ကျော် ကြာမြင့်လာပြီး လက်ဘနွန်မှာပါ မြေပြင်စစ်ဆင်ရေးတွေ လုပ်လာခဲ့တဲ့နောက် ဘာသာရေး အယူသီး အော်သိုးဒေါ့စ်တွေကိုပါ စစ်မှုထမ်းဆောင်ရမဲ့ စာရင်းမှာ ထည့်သွင်းလာခဲ့ပါတယ်။ ဒါပေမဲ့ အစ္စရေး စစ်တပ်ရဲ့ အဲဒီဆော်ရွက်ချက်ဟာ ဘင်ဂျမင် နေတန်ညာဟုရဲ့ ညွန့်ပေါင်းအစိုးရကို ထောက်ခံသူတွေကြားမှာ သဘောတွေ့သူ အရမ်းနည်းပါးနေပါတယ်။