ရန်ကုန်မြို့၊ ခုတင်-၅၀၀ အထူးကုဆေးရုံကြီးမှာ ပြီးခဲ့တဲ့နိုဝင်ဘာလ (၇)ရက်နဲ့ (၈)ရက်နေ့က (၃၆)ကြိမ်မြောက်နဲ့ (၃၇)ကြိမ်မြောက် ပြုလုပ်ခဲ့တဲ့ အသည်းအစားထိုးခွဲစိတ်ကုသမှုက အသည်းအစားထိုးလက်ခံသူ (၂)ယောက်နဲ့ အသည်းအလှုရှင် (၂)ယောက်တို့ရဲ့ လက်ရှိကျန်းမာရေးအခြေအနေဟာ တည်ငြိမ်ကောင်းမွန်မှုရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကနေ သိရပါတယ်။
(၃၆)ကြိမ်မြောက် အသည်အစားထိုးခွဲစိတ်ကုသမှုကို မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်က အသက်(၄၉)နှစ်ရှိ အသည်းရော ဂါလူနာအမျိုးသားနဲ့ အသည်းအလှူရှင် မောင်နှမဝမ်းကွဲတော်စပ်သူ အသက် (၄၃)နှစ်ရှိ အမျိုးသမီးတို့ကို ခွဲစိတ်ကုသခဲ့တာပါ။ အသည်းအလှူရှင်ဆီက အသည်းထုတ်ယူတာကိုတော့ နိုဝင်ဘာလ(၇)ရက် မနက်(၇)နာရီ(၁၅)မိနစ်အချိန်မှာ စတင်ဆောင်ရွက် ခဲ့တာဖြစ်ပြီး မနက်(၁၁)နာရီ(၄၅)မိနစ်အချိန်မှာ အသည်းလက်ခံသူလူနာဆီကို အစားထိုးခွဲစိတ်ကုသမှု ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
(၃၇)ကြိမ်မြောက် အသည်းအစားထိုးခွဲစိတ်ကုသမှုအနေနဲ့ ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှ အသက်(၆၀)နှစ်ရှိ အသည်းရောဂါ လူနာအမျိုးသမီးနဲ့ အသည်းအလှူရှင် သမီးတော်စပ်သူ အသက်(၂၅)နှစ်ရှိ အမျိုးသမီးတို့ကို နိုဝင်ဘာလ (၈)ရက် မနက်ပိုင်းမှာ ဆောင်ရွက်ခဲ့တာပါ။
တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေး ရည်မှန်းပြီး ပြည်သူတွေလိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက် မှုကို လက်လှမ်းမီ ရရှိခြင်းဖြင့် ရောဂါကင်းဝေးပြီး သက်တမ်းစေ့ နေထိုင်နိုင်စေရေး၊ ကုသမှုအရည်အသွေးမြင့်မားရေးနဲ့ ပြည်သူတွေ ဆေးကုသမှုအတွက် စိုက်ထုတ်ကုန်ကျစရိတ် သက်သာစေရေးတို့ကို ကျန်းမာရေးဝန်ကြီးဌာနက ဆောင်ရွက်နေတယ်လို့ သိရပါတယ်။