ရခိုင်ပြည်နယ် သံတွဲမြို့ရဲ့ အရှေ့မြောက်ဘက် (၁၂)မိုင်ခန့်အကွာ သူဌေးချောင်းပေါ်မှာ တည်ဆောက်နေတဲ့ သူဌေးရေးအားလျှပ်စစ်စီမံကိန်းကို နယ်မြေဒေသအေးချမ်းသွားရင် စီမံကိန်းလုပ်ငန်းတွေ အမြန်ပြီးစီးနိုင်ရေး စီမံ ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ဖြေကြားထားပါတယ်။

စီမံကိန်းလုပ်ငန်းတွေကို ပုံမှန်ဆောင်ရွက်မယ်ဆိုရင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်မှာ ပြီးစီးနိုင်မှာ ဖြစ်ပေမဲ့ နယ်မြေ ဒေသလုံခြုံရေး အခြေအနေအရ ၂၀၂၄ ခုနှစ် ဧပြီလကုန်မှာ စီမံကိန်းလုပ်ငန်းဆောင်ရွက်နေတဲ့ ဝန်ထမ်းတွေ ရွှေ့ပြောင်းခဲ့ရပြီး စီမံကိန်းတွေ ခေတ္တရပ်နားခဲ့ရတယ်လို့ ဆိုပါတယ်။
စီမံကိန်း ရပ်နားထားတဲ့အတွက် နိုင်ငံတော်ရဲ့ ဓာတ်အားထုတ်လုပ်မှု လျော့နည်းနေသလို ဓာတ်အားခ ဝင်ငွေ ရရှိ မှုမှာလည်း ဆုံးရှုံးနစ်နာမှု ရှိတယ်လို့ ဖြေကြားချက်အရ သိရပါတယ်။

အဲဒီအပြင် ဓာတ်အားသုံးစွဲသူ ပြည်သူတွေအနေနဲ့ သူဌေးရေအားလျှပ်စစ်စီမံကိန်းကနေ နှစ်စဉ်လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ ၃၈၆ သန်း ဆုံးရှုံးနစ်နာမှုတွေ ရှိတယ်လို့လည်း ဖြေကြားထားပါတယ်။
လက်ရှိအချိန်ထိ စီမံကိန်း အဆောက်အအုံတွေ၊ တည်ဆောက်ရေးသုံးပစ္စည်းတွေ၊ ဝန်ထမ်းအိမ်ရာတွေရဲ့ ထိခိုက် ပျက်စီးဆုံးရှုံးမှုကို စစ်ဆေးဆောင်ရွက်နိုင်တာ မရှိတဲ့အတွက် နယ်မြေဒေသအေးချမ်းမှသာ စီမံကိန်းလုပ်ငန်းတွေ အမြန်ပြီးစီးနိုင်အောင် စီမံဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့လည်း ဖြေကြားချက်မှာ ပါရှိပါတယ်။

သူဌေးရေအားလျှပ်စစ် စီမံကိန်းကတော့ စက်တပ်ဆင်အင်အား ၁၁၁ မဂ္ဂါဝပ်ရှိပြီး အဲဒီစီမံကိန်းကနေ ရခိုင် ပြည်နယ်တောင်ပိုင်း ဒေသတွေကို လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မယ့်အပြင် ပိုလျှံတဲ့ ဓာတ်အားတွေ ကို မဟာဓာတ်အားလိုင်းကတစ်ဆင့် နိုင်ငံအဝန်း ဖြန့်ဖြူးပေးနိုင်မှာ ဖြစ်တယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ဖြေကြားထားပါတယ်။