ဂျပန်ကုမ္ပဏီ ၂၀၀ ကျော်က မြန်မာအလုပ်သမား ၇၀၀ ကျော်ကိုခေါ်ယူဖို့ အလုပ်ကမ်းလှမ်းထားတယ်လို့ ဩဂုတ် ၅ ရက်မှာ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
တိုကျိုမြို့ရှိ မြန်မာသံရုံးအနေနဲ့ ဂျပန်နိုင်ငံရှိကုမ္ပဏီတွေက ပေးပို့လာတဲ့အလုပ်ကမ်းလှမ်းစာ ၂၀၆ ခုရဲ့ အချက်အလက်တွေကို စိစစ်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနကို ပေးပို့အကြောင်းကြားခဲ့တာလို့ဆိုပါတယ်။
စိစစ်ရာမှာတော့ ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနဲ့ အလုပ်ခေါ်ယူတဲ့ စက်ရုံ /ကုမ္ပဏီတွေဟာ ဂျပန်နိုင်ငံမှာ တရားဝင်တည်ထောင်ထားတာ ရှိ၊ မရှိ စာရွက်စာတမ်း အထောက်အထားတွေနဲ့ စစ်ဆေးခဲ့တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။ စိစစ်ချက်တွေအရ မြန်မာအလုပ်သမားအမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၇၆၀ ကျော်ကို ခေါ်ယူဖို့ ကမ်းလှမ်းထားတာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။