မော်ရိုကို လက်ရွေးစင်တိုက်စစ်မှူး အန်နက်ဆရီကို ဆီဗီလာအသင်းကနေ ခေါ်ယူနိုင်ခဲ့ပြီလို့ တူကီယဲကလပ် ဖီနာဘာချီအသင်းက အတည်ပြုလိုက်ပါတယ်။
အသက် ၂၇ နှစ်အရွယ် အန်နက်ဆရီဟာ ဆီဗီလာအသင်းအတွက် လာလီဂါ ၁၉၆ ပွဲမှာ ၇၃ ဂိုးအထိ သွင်းယူပေးခဲ့ပြီးနောက် ဖီနာဘာချီအသင်းကို ပြောင်းရွှေ့ကြေး ယူရို သန်း ၂၀ နဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။
စပိန်ကလပ်တွေဖြစ်တဲ့ မာလာဂါနဲ့ လီဂါနက်စ်အသင်းတွေမှာ ကစားခဲ့ဖူးတဲ့ အန်နက်ဆရီဟာ ဆီဗီလာအသင်းမှာတော့ သူ့ရဲ့အကောင်းဆုံးပုံစံကို ရရှိခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၂၂ ကမ္ဘာ့ ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့တဲ့ မော်ရိုကိုအသင်းမှာလည်း အဓိက ကစားသမားအဖြစ် ပါဝင်ကစားပေးခဲ့တာပါ။
တူကီယဲစူပါလိဂ် ချန်ပီယံဆုကို ၁၉ ကြိမ်အထိ ရရှိထားတဲ့ ဖီနာဘာချီအသင်းဟာ အခုနွေရာသီမှာ နည်းပြသစ်အဖြစ် မော်ရင်ဟိုကို ခန့်အပ်ခဲ့သလို အန်နက်ဆရီကိုလည်း အသင်းသမိုင်းတစ်လျှောက် အမြင့်ဆုံးပြောင်းရွှေ့ကြေးနဲ့ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။
အန်နက်ဆရီဟာ ဖီနာဘာချီအသင်းနဲ့ ၅ နှစ် သက်တမ်း ရှိတဲ့ စာချုပ်ကို ချုပ်ဆိုခဲ့တာဖြစ်တယ်လို့လည်း သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။