ရီပတ်ဘလီကန်ပါတီရဲ့ ညီလာခံ တတိယနေ့မှာ Gold Star families လို့အမည်ရတဲ့ စစ်ပြန်တွေရဲ့ မိသားစု အဖွဲ့ဟာ စင်မြင့်ပေါ်တက်ပြီး အာဖဂန်နစ္စတန်ကနေ တပ်ပြန်ဆုတ်မှုအပေါ် ကိုင်တွယ်ပုံအတွက် ဘိုင်ဒန်ကို ပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။

ဘိုင်ဒန်က သူ့သက်တမ်းအတွင်း တိုက်ပွဲကျတဲ့ စစ်သည်မရှိဘူးလို့ မှားယွင်း ပြောကြားခဲ့တယ်လို့လည်း စွပ်စွဲပြီး စစ်ပြန်ရဲတော်မိသားစုဝင်တစ်ယေက်က ကျဆုံးစစ်သည် (၁၃)ယောက် နာမည်တွေကို ရွတ်ပြသွားခဲ့ပါတယ်။

တစ်ခါ ညီလာခံ တတိယနေ့ကို တက်ရောက်လာသူတွေကလည်း ထရမ့် သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခံရအပြီး ညာဘက် နားရွက်ရှပ်ထိလို့ ပတ်တီးအုပ်ခဲ့တဲ့ ပုံစံအတိုင်း အတုခိုးကာ ညာဘက်နားရွက် ပတ်တီးအုပ်ထားတာတွေကို တွေ့ရပါတယ်။

ဒုသမ္မတလောင်း ဂျေဒီဗန့်စ်ရဲ့ ညီလာခံ မိန့်ခွန်း အပြီး ဒေါ်နယ်ထရမ့်ရဲ့သားဖြစ်သူ ဒေါ်နယ်ထရမ့် ဂျူနီယာက ထရမ့်လုပ်ကြံခံရမှုအတွင်း ကျည်ဆံ ထိမှန် သေဆုံး သွားတဲ့ မီးသတ်သမား ကော်ရေးကို ဂုဏ်ပြုစကားပြောကြားရာမှာ ညီလာခံပရိသတ်ကလည်း ကော်ရေးရဲ့ နာမည် ကို သံပြိုင် အော်ဟစ်ကြွေးကြော်ပြီး တုံ့ပြန်ခဲ့ကြပါတယ်။