မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ခေါင်းဆေးကျွန်း လှေဆိပ်အနီးမှာ ဩဂုတ်လ ၂ ရက် မနက်ပိုင်းက စက်လှေတိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ လူ ၂ ယောက် ပျောက်ဆုံးနေတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေသွားရောက် ဆောင်ရွက်ခဲ့တဲ့ ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ကနေသိရပါတယ်၊၊

သံလွင်မြစ်လယ်ရှိ ခေါင်းဆေးကျွန်းလှေဆိပ်အနီးမှာ ကျောက်စလစ်တင်တဲ့လှေသောင်တင်နေတဲ့အတွက် အနီးရှိ ကတိုးစက်လှေက သွားရောက်ကယ်ဆယ်ရာမှာ တိမ်းမှောက်ပြီး သွားရောက် ကယ်ဆယ်တဲ့ စက်လှေ သမား ၂ ယောက်စလုံး ရေထဲမျောပါ ပျောက်ဆုံးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်၊၊
အဲဒီကျွန်းအနီးမှာ သောင်တင်နေတဲ့လှေကို သွားရောက်ကယ်ဆယ်ရင်း ရေလှိုင်းကြောင့် သောင်တင်နေတဲ့လှေနဲ့ သွားရောက်ကယ်ဆယ်တဲ့ စက်လှေနှစ်စင်းလုံး မြုပ်သွားကာ သွားရောက်ကယ်ဆယ်တဲ့လှေပေါ်က ၂ ယောက်က ရေထဲ မျောသွားတာ ဖြစ်တယ်လို့ ဘိုဘိုဝင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ကိုဘိုဘိုဝင်းကပြောပါတယ်။
လက်ရှိမှာ စက်လှေတိမ်းမှောက်ပြီး ပျောက်ဆုံးသွားတဲ့ စက်လှေသမား ၂ ယောက်ကို မီးသတ်တပ်ဖွဲ့၊ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့အတူ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့သိရပါတယ်၊၊