အီဂျစ်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ နေထိုင်ခွင့်ကတ်တွေကို ဇွန်လ ၃၀ ရက် နောက်ဆုံးထားလျှောက် ထားဖို့နဲ့ သတ်မှတ်ကာလ ကျော်လွန်ရင် အရေးယူခံရနိုင်တယ်လို့ ကိုင်ရိုမြို့ မြန်မာသံရုံးက ထုတ်ပြန်ပါတယ်။
အီဂျစ်နိုင်ငံမှာ နေထိုင်တဲ့ နိုင်ငံခြားသားတွေအနေနဲ့ အီဂျစ်နိုင်ငံမှာ နေထိုင်စဉ်ကာလအတွင်း သက်တမ်းရှိတဲ့ နေထိုင်ခွင့် (Stay Permit)တွေ လျှောက်ထားဆောင်ရွက်ကြဖို့ အီဂျစ်ပြည်ထဲရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဇန်နဝါရီလက ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
နေထိုင်ခွင့်ကတ်တွေကို လျှောက်ထားမှု ပြုလုပ်မထားသူတွေအနေနဲ့ လာမယ့် စက်တင်ဘာ ၃၀ ရက် နောက်ပိုင်း ကစပြီး အီဂျစ်အစိုးရက အရေးယူမှုတွေကို ထိရောက်စွာ ဆောင်ရွက်သွားမှာဖြစ်ပြီး အီဂျစ်နိုင်ငံမှာ ပညာသင် ကြားနေသူတွေအနေနဲ့ ပြည်နေထိုင်ခွင့်ကတ်အပြင် သက်ဆိုင်ရာ ကျောင်း/တက္ကသိုလ်တွေက ထုတ်ပေးထားတဲ့ ကျောင်းသားကတ်ကိုပါ တာဝန်ရှိသူတွေ စစ်ဆေးတဲ့အခါ စစ်ဆေးခံဖို့ကိုလည်း အသိပေးထားပါတယ်။
အဲဒါကြောင့် သတ်မှတ်ကာလကျော်လွန်ရင် အရေးယူဆောင်ရွက်တာတွေ ရှိလာမှာဖြစ်တာကြောင့် အီဂျစ်နိုင်ငံ ကို ရောက်ရှိနေထိုင်နေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ပြည်နေထိုင်ခွင့် သက်တမ်းတိုးမြှင့်တာ နေထိုင်ခွင့်ကတ် လျှောက်ထားတာ ဒါမှမဟုတ် သက်တမ်းတိုးတာ စတာတွေကို ဇွန်လ ၃၀ ရက်မတိုင်မီ အချိန်မီ ဆောင်ရွက်ကြဖို့ ကိုလည်း သံရုံးက တိုက်တွန်း နှိုးဆော်ထားပါတယ်။

