လွန်ခဲ့သည့် သီတင်းပတ်က အလုပ်သင် အမျိုးသမီးဆရာဝန်တစ်ယောက် လိင်ပိုင်းအနိုင်ကျင့် သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး ကိုလ်ကတ္တားမှာ သြဂုတ် ၁၆ ရက်က ဆရာဝန်တွေနဲ့ သူနာပြုတွေ ထပ်မံဆန္ဒထုတ်ဖော်ခဲ့ကြပါ တယ်။

အသက် ၃၁ နှစ်အရွယ် အလုပ်သင်ဆရာဝန်အမျိုးသမီးကို သြဂုတ်လ ၉ ရက်က သူမအလုပ်လုပ်တဲ့ ကိုလ်ကတ္တားမြို့က ဆေးကောလိပ်မှာ သေဆုံးလျက် တွေ့ရှိခဲ့တာပါ။

သူမဟာ ၃၆ နာရီအဆိုင်းမှာ နာရီ ၂၀ နီးပါး အလုပ်လုပ်ပြီးနောက် ကောလိပ်ဟောပြောပွဲခန်းမမှာ တရေးတမော အိပ်စက်ခဲ့တာလို့ R.G. Kar ဆေးကောလိပ် ဝန်ထမ်းတွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
တစ်ချိန်က ဒုတိယအိမ်လိုဖြစ်တဲ့ ဆေးရုံမှာ အခု အလုပ် လုပ်ရတာ မလုံခြုံသလို ခံစားရတယ်လို့ ဆရာဝန်နဲ့ ကလေးအထူးကုကျောင်းသူတစ်ယောက်က ပြောပါတယ်။

အိန္ဒိယမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ မြင့်တက်လာတာ ဟန့်တားဖို့ တင်းကျပ်တဲ့ဥပဒေတွေ ပျက်ကွက်တဲ့အပေါ် ဒေါသဖြစ်မှုတွေကြောင့် ဆရာဝန်တွေနဲ့ အမျိုးသမီးအဖွဲ့တွေရဲ့ ဆန္ဒထုတ်ဖော်တွေ မြင့်တက်လာခဲ့ပါတယ်။
ဖက်ဒရယ်ကျန်းမာရေးဝန်ကြီး ဂျေပီနက်ဒါက ဆရာဝန်တွေအပေါ် တိုက်ခိုက်မှုကို တားဆီးဖို့ ဖက်ဒရယ်ဥပဒေ အပါအဝင် တောင်းဆိုချက်တွေ ဖြည့်ဆည်းပေးမယ်လို့ အာမခံပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုကို ဖျက်သိမ်းခဲ့ပါတယ်။