ဘိုင်ဒင်အစိုးရရဲ့ မူဝါဒသစ်ကြောင့် ခိုလှုံခွင့်တောင်းခံဖို့ ခက်ခဲသွားတဲ့ အမေရိကန်-မက္ကဆီကိုနယ်စပ်ကို ဖြတ်ကျော် ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို အမြန်ပြန်ပို့လိုက်တယ်လို့ အမေရိကန်နယ်စပ်တာဝန်ရှိသူတွေက ဇွန်လ(၁၂)ရက်မှာ ပြောပါတယ်။
သတင်းထောက်တွေ ဇွန်လ ၁၃ ရက်က အယ်လ်ပါဆိုလေဆိပ်ကို သွားရောက်ကြည့်ရှုခဲ့ရာမှာ ဂွာတီမာလာကို လေယာဉ်နဲ့ပို့ဆောင်ဖို့ အမြန်ဖယ်ရှားလိုက်တဲ့ ရွှေ့ပြောင်းနေထိုင်သူ ၁၀၄ ဦးကို တွေ့ခဲ့ရပြီး အများစုဟာ ချည်နှောင်ခံထားရပါတယ်။

တချို့ရွှေ့ပြောင်းတွေဟာ ပထမဆုံး လေယာဉ်စီးရမယ့်အရေးအပေါ် စိုးရိမ်ထိတ်လန့်နေကြတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
တချို့ရွှေ့ပြောင်းတွေကြောင့် အနှောင့်အယှက်ဖြစ်နိုင်တယ်လို့ ချည်နှောင်ထားရတဲ့ အကြောင်းရင်းကို အမိမြေလုံခြုံရေးဌာန တာဝန်ရှိသူတွေကို ပြောပါတယ်။
ရွှေ့ပြောင်းတွေဟာ လေယာဉ်ပေါ်မှာ အစားအသောက် တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ်ရရှိကြပြီး သူတို့လိုအပ်နိုင်တဲ့ ဆေးဝါးတွေလည်းရရှိကာ လေယာဉ်ပေါ်က မဆင်းခင် သံကြိုးတွေကို ဖယ်ရှားပေးခဲ့တယ်လို့ ဆိုပါတယ်။

အယ်လ်ပါဆို အရှေ့မြောက်ဘက် သဲကန္တာရထဲက ရွှေ့ပြောင်းတွေကို စီမံဆောင်ရွက်ပေးနေတဲ့စခန်းမှာ ရောက်ရှိလာတဲ့ ရွှေ့ပြောင်းအများစုဟာ လိုအပ်ချက်အသစ်ကို မပြည့်မီတဲ့အတွက် ပြည်နှင်ဒဏ်အပေးခံရပြီး နိုင်ငံရင်းကို ပြန်ပို့ခံရမှာ စိုးရိမ်နေတယ်လို့ သိရပါတယ်။