ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ် YBS ယာဉ်မောင်းတွေကို မူးယစ်ဆေးဝါးသုံးစွဲ တာမျိုးတွေရှိ မရှိ စစ်ဆေးသွားမယ်လို့ YRTC တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောပါတယ်။
သြဂုတ်လ ၃၀ ရက်နေ့ ညနေပိုင်းက YRTC အစည်းအဝေးခန်းမမှာ ပြုလုပ်ခဲ့တဲ့ သတင်းမီဒီယာတွေ့ဆုံပွဲမှာ ဦးလျန်ကျင့်မန်က ပြောကြားခဲ့တာဖြစ်ပါတယ်။
အခုလိုဆောင်ရွက်တာဟာ ခရီးသွားပြည်သူတွေအနေနဲ့ YBS ယာဉ်တွေကို ဘေးကင်းလုံခြုံပြီး စိတ်ချမ်းမြေ့စွာနဲ့ စီးနင်းလိုက်ပါနိုင်ဖို့ဖြစ်တယ်လို့ ဦးလျန်ကျင့်မန်ကပြောပါတယ်။
အခုလိုပြုလုပ်ခြင်းအားဖြင့် ယာဉ်မတော်တဆမှုတွေလျော့ကျစေပြီး စည်းကမ်းရှိတဲ့ယာဉ်မောင်းတွေ၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ ယာဉ်မောင်းကောင်းတွေဖြစ်ဖို့ သင်တန်းပြန်လည်ပို့ချတာတွေ ထပ်မံပြုလုပ်သွားမယ်လို့ ပြောပါတယ်။
စည်းကမ်းလိုက်နာမှုမရှိတဲ့ယာဉ်မောင်းတွေကြောင့် ယာဉ်မတော်တဆမှုတွေ ဆိုးဆိုးဝါးဝါး မဖြစ်စေ ဖို့ထိန်းချုပ်နိုင်အောင်လည်း ဆောင်ရွက်နေတာဖြစ်တယ်လို့ ဦးလျန်ကျင့်မန်က ပြောပါတယ်။
YRTC အနေနဲ့ ယာဉ်စည်းကမ်းအကြိမ်ကြိမ်ချိုးဖောက်တဲ့ YBS ယာဉ်မောင်းတွေကို အပတ်စဉ် အသိပညာပေးသင်တန်းပေးခဲ့ရာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်ကနေ သြဂုတ်လ ၂၉ ရက်နေ့အထိ သင်တန်းအမှတ်စဉ် ၁၅ ခုမှာ ယာဉ်မောင်း ၁၂၉၆ ဦးအထိ သင်တန်းပေးပြီးဖြစ်တယ်လို့ သိရပါတယ်။