မန္တလေးငလျင်ကြီးဒဏ်ကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသအတွင်းက ထိခိုက် ပျက်စီးသွားတဲ့ လျှပ်စစ်ဓာတ်အားလိုင်းတွေ ပြုပြင်ဆောင်ရွက်နေရာ လက်ရှိမှာ ၉၈ ဒသမ ၄၄ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီ ဖြစ်တယ်လို့ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာနကနေ သိရပါတယ်။

ငလျင်ကြောင့် အင်းလေးဒေသအတွင်းမှာ လျှပ်စစ်ဓာတ်အားလိုင်းတွေ၊ ထရန်စဖော်မာတွေ၊ ဓာတ်အားတိုင်တွေ၊ နေအိမ်တွေကို သွယ်တန်းထားတဲ့ ဓာတ်အားကြိုးတွေ ယိုင်နဲ့တိမ်းစောင်းတာ၊ ကျိုးပဲ့ပျက်စီးတာတွေ ဖြစ်ပေါ်ခဲ့ပြီး ကျေးရွာပေါင်း ၃၂၁ ရွာ လျှပ်စစ်ဓာတ်အားလိုင်း ပြတ်တောက်ခဲ့ရတယ်လို့ သိရပါတယ်။အဲဒီထိခိုက်ပျက်စီးသွားတဲ့ လျှပ်စစ်ဓာတ်အားလိုင်းတွေနဲ့ထရန်စဖော်မာတွေတွေကို ပြင်ဆင်တာနဲ့ ယိုင်နဲ့ကျိုးပဲ့ သွားတဲ့ ဓာတ်အားတိုင်တွေ တည့်မတ်တာ၊ အသစ်စိုက်ထူတာ စတဲ့ လုပ်ငန်းတွေကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ရေးဌာနက ကျွမ်းကျင်ပညာရှင်တွေ၊ လုပ်သားတွေက အမြန်ဆုံးဆောင်ရွက်ခဲ့တာပါ။

လက်ရှိအချိန်အထိ ကျေးရွာပေါင်း ၃၁၆ ရွာကို လျှပ်စစ်ဓာတ်အား ပုံမှန်ရရှိနိုင်ရေးဆောင်ရွက်ခဲ့ရာ ၉၈ ရာခိုင်နှုန်း ကျော် ပြီးစီးနေပြီး ကျန်ရှိနေသေးတဲ့ကျေးရွာတွေကိုလည်း လျှပ်စစ်ဓာတ်အားလိုင်းတွေ ပုံမှန်ဖြန့်ဖြူးနိုင်ရေး အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။