ရန်ကုန်အခြေစိုက် နိုင်ငံ ၈ ခု ကိုယ်စားပြု သံရုံးတွေ ပူးပေါင်းကျင်းပတဲ့ ယဉ်ကျေးမှု နဲ့ ပူးပေါင်းဆောင်ရွက်မှု ထင်ဟပ်စေမယ့် Open House ပွဲတော်ကို လာမယ့် မေ ၂၄ ရက်မှာ ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ Goethe-Institut Myanmar မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။ပွဲတော်ကိုတော့ ရန်ကုန်အခြေစိုက် ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ကိုရီးယား၊ ဗြိတိန်နဲ့ အမေရိကန် နိုင်ငံ ကိုယ်စားပြုတဲ့ သံရုံးနဲ့ ယဉ်ကျေးမှုဌာန ၈ ခုတို့ ပူးပေါင်းကျင်းပတာလို့ ဆိုပါတယ်။

ပွဲတော်ကို လာရောက်လည်ပတ်သူတွေအနေနဲ့ ဟင်းလျာချက်ပြုတ်ပုံတွေ၊ အနုပညာနဲ့ ဓာတ်ပုံပြပွဲတွေ၊ ဂီတ ဖျော်ဖြေမှုတွေ၊ ဘာသာစကား အစီအစဉ်တွေကတစ်ဆင့် ယဉ်ကျေးမှု ရိုးရာဓလေ့တွေနဲ့ မိတ်ဆက်ရင်းနှီး နိုင်မယ့် အတွေ့အကြုံတွေကို ရရှိခံစားနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။အဲဒီအပြင် Goethe-Institut Myanmar ရဲ့ ဌာနတွေဖြစ်တဲ့ ဘာသာစကားဌာန၊ စာကြည့်တိုက်နဲ့သတင်းအချက် အလက်ဌာန၊ ယဉ်ကျေးမှုဌာန စတဲ့ ဌာနတွေရဲ့ ညနေခင်း ဂီတအစီအစဉ် အပါအဝင် စိတ်ဝင်စားစရာ အစီအစဉ် ပေါင်း များစွာကို စီစဉ်တင်ဆက်သွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် ကလေးငယ်တွေအတွက် စိတ်လှုပ်ရှားဖွယ်ရာ ပုံပြင်တွေ၊ ပုံဆွဲတဲ့ အစီအစဉ်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။