မိုးရာသီကာလမှာ ရန်ကုန်-ဘားအံ ဘုရားဖူးခရီးစဉ် သွားရောက်လည်ပတ်မှု များလာတယ်လို့ ပြည်တွင်း ခရီးသွား လုပ်ငန်း အသိုင်းအဝိုင်းက သိရပါတယ်။နှစ်စဉ် မိုးရာသီကာလဆိုရင် ဘားအံနဲ့ပုဂံဘုရားဖူး ခရီးစဉ်တွေကို ပြည်တွင်းခရီးသွားတွေ အများဆုံးလည်ပတ် လေ့ရှိကြတယ်လို့ Sea & Sand Travel and Tour ကုမ္ပဏီ ရဲ့ Sale Executive ဦးမြင့်လွင်က ပြောပါတယ်။

မိုးကာလမှာ မြန်မာပြည် အထက်ပိုင်းနဲ့ရှမ်းပြည်နယ် တောင်ပိုင်းခရီးစဉ်တွေကိုလည်း လည်ပတ်သူ တွေရှိပေမယ့် အခုနှစ်မှာတော့ သဘာဝဘေးအန္တရာယ် အခြေအနေကြောင့် လည်ပတ်သူ နည်းတယ်လို့ ဆိုပါတယ်။ပွင့်လင်းရာသီကာလတွေမှာတော့ တောင်ကြီး၊ အင်းလေး၊ ကျိုက်ထီးရိုးနဲ့ ကမ်းခြေခရီးစဉ်တွေကို လည်ပတ်တဲ့ ပြည်တွင်းခရီးသွား များတယ်လို့ ပြည်တွင်းခရီးသွားလုပ်ငန်းတွေက သိရပါတယ်။အခုနှစ်မှာ ဘားအံခရီးစဉ်ကို သွားရောက်လည်ပတ်သူတွေက ပိုစိတ်ဝင်စားမှုမြင့်တက်ပြီး လည်ပတ်သူများလာ တယ်လို့ Mini Tour Travel & Tour ရဲ့ Accountance ဒေါ်သက်ဖူးငုံက ပြောပါတယ်။

ဘားအံဘုရားဖူးလုပ်ငန်းအများစုဟာ ခရီးသွားတွေကို ဇွဲကပင်တောင်၊ တောင်ဝိုင်းတောင်နဲ့ ဆဒ္ဒန်လိုဏ်ဂူ၊ ဘုရင့်ညီနောင်ရတနာ လိုဏ်ဂူတော် စတဲ့ အထင်ကရ လိုဏ်ဂူတွေကို အဓိက ပို့ဆောင်ပေးနေတယ်လို့ သိရပါတယ်။ရန်ကုန်-ဘားအံ ခရီးစဉ်အတွက် ခရီးသွား ကုမ္ပဏီတစ်ခုနဲ့တစ်ခု လက်မှတ် ခကွာခြားမှုရှိပြီး ပျှမ်းမျှအနေနဲ့ ခရီးသွားလက်မှတ်ခက လူတစ်ယောက်ကို စားစရိတ်ငြိမ်း ကျပ်နှစ်သိန်းကျော် ရှိတယ်လို့ သိရပါတယ်။