မြန်မာအမျိုးသားလေကြောင်း(MNA)က ရန်ကုန်-ကူမင်း ပြေးဆွဲတဲ့ လေယာဉ်တစ်စင်းဟာ ကူမင်းအပြည်ပြည် ဆိုင်ရာလေဆိပ်မှာ ဆင်းသက်စဉ် လေယာဉ်ထောက်မတ်တဲ့ဘီး ပျက်စီးမှု ဖြစ်ပေါ်ခဲ့တဲ့အတွက် လတ်တလောမှာ လေယာဉ်ခရီးစဉ် ယာယီရပ်နားထားတယ်လို့ MNA လေကြောင်းလိုင်းကနေ စုံစမ်း သိရပါတယ်။

ဇူလိုင် ၁၄ ရက်၊ ညပိုင်းက MNA လေယာဉ်တစ်စင်းဟာ ကူမင်းလေဆိပ်ကို ဆင်းသက်စဉ် ရုတ်တရက် စက်ချို့ ယွင်းပြီး လေယာဉ်ကို အဓိကထောက်မတ်တဲ့ဘီး ကျိုးပဲ့ပျက်စီးခဲ့လို့ လေယာဉ်ကိုယ်ထည် အနည်းငယ် တိမ်းညွှတ် ခဲ့တာ ဖြစ်ပါတယ်။ဖြစ်စဉ် ဖြစ်ပြီးနောက် လေဆိပ်ကနေ အရေးပေါ် စီမံဆောင်ရွက်မှုတွေနဲ့ လေယာဉ်ပေါ်က ခရီးသည်အားလုံးကို ဘေးကင်းစွာ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့လည်း MNA လေကြောင်းလိုင်းက သိရပါတယ်။အခုဖြစ်စဉ်မှာတော့ လေယာဉ်ပေါ် လိုက်ပါလာတဲ့ ခရီးသည်တွေ ထိခိုက်ဒဏ်ရာရတာ မရှိခဲ့ဘဲ ပျက်စီးမှုဖြစ်ပေါ် ခဲ့တဲ့ လေယာဉ်ကိုတော့ လေယာဉ်ပြေးလမ်းကနေ ဖယ်ရှားပြီး ပြန်လည်ပြင်ဆင်တဲ့လုပ်ငန်းတွေ ဆောင်ရွက်နေ ပါတယ်။

လတ်တလောမှာတော့ MNA လေကြောင်းလိုင်းအနေနဲ့ ရန်ကုန်-ကူမင်း ပြေးဆွဲတဲ့ ခရီးစဉ်ကို ရပ်နားထားရပြီး လေယာဉ်ပြန်လည်ပြင်ဆင်တဲ့ အချိန်ကာလကတော့ တစ်ပတ်လောက် ကြာနိုင်ပါတယ်။ ပြင်ဆင်ပြီးရင်တော့ လေယာဉ်ခရီးစဉ် ပြန်လည်ပျံသန်းပြေးဆွဲပေးသွားမယ်လို့ MNA လေကြောင်းလိုင်း တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။MNA လေကြောင်းလိုင်းအနေနဲ့ ရန်ကုန်-ကူမင်း ခရီးစဉ် လေယာဉ်လက်မှတ်ခကတော့ ခရီးသည်တစ်ယောက်ကို တရုတ်ယွမ် ၆၅၀ (မြန်မာငွေကျပ် ၄ သိန်းကျော်) သတ်မှတ်ထားတယ်လို့ MNA လေကြောင်းလိုင်းက သိရပါ တယ်။