ရန်ကုန်-ပဲခူး DEMU တွဲဆိုင်းသစ်ရထားကို စတင်ပြေးဆွဲပြီးနောက် ရန်ကုန်ကနေလိုက်ပါစီးနင်းသူဟာ နေ့စဉ် ၃၀၀ ကျော်လောက်ရှိတယ်လို့ ရန်ကုန်ဘူတာကြီးကတာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။
DEMU တွဲဆိုင်းသစ်ရထား စတင်ပြေးဆွဲတဲ့အောက်တိုဘာ ၂ ရက်ကတော့ ရန်ကုန်ကနေလိုက်ပါစီးနင်းသူဟာ ၄၀၀ ကျော် လောက်အထိ ရှိခဲ့တယ်လို့ဆိုပါတယ်။ DEMU တွဲဆိုင်းသစ်ရထားစတင်ပြေးဆွဲပြီးနောက် ရန်ကုန်ကနေ စီးနင်းသူ အနည်းငယ်လျော့ကျလာတာကိုတွေ့ရပြီး ရထားလက်မှတ်ခဈေးမြင့်တာနဲ့ ကုန်တွေလည်းအနည်းငယ်လောက်သာ တင်နိုင်တာကြောင့်ဖြစ်တယ်လို့ ရန်ကုန်ဘူတာကြီးက တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။

DEMU ရထားသစ်ပေါ်မှာတော့ တွဲထိန်း ၃ ယောက်၊ ရထားသွားလာပို့ဆောင်ရေးအရာရှိနဲ့ ရထားကြီးကြပ်တွေလိုက်ပါပြီး ကြီးကြပ်မှုတွေဆောင်ရွက်နေတာရှိတယ်လို့ဆိုပါတယ်။
လတ်တလော DEMU ရထားကို လိုက်ပါ စီးနင်းသူအများစုဟာ ကုန်ရောင်းကုန်ဝယ်ဈေးသည်တွေဖြစ်ပြီး ရုံးသွား ရုံးပြန်သူတွေလည်းစီးနင်းတာရှိတယ်လို့ သိရပါတယ်။ DEMU ရထားဟာ ရန်ကုန်ဘူတာကြီးကနေ ညနေ ၄ နာရီ ၄၅ မိနစ်လောက်မှာထွက်ခွာပြီး ပဲခူးဘူတာကို ည ၇ နာရီ ၁၅ မိနစ်လောက်မှာရောက်ရှိမှာဖြစ်သလို ပဲခူးဘူတာကနေ မနက် ၆ နာရီလောက်မှာထွက်ခွာကာ ရန်ကုန်ဘူတာကြီးကို မနက် ၈ နာရီ မိနစ်၂၀ လောက်မှာရောက်ရှိမှာဖြစ်ပါတယ်။
ရထားလက်မှတ်ခနှုန်းထားတွေကတော့ ရန်ကုန်ဘူတာကြီးကနေ ဒါးပိန်ဘူတာအထိ ၁၃၀၀ ကျပ်၊ ဒါးပိန်ဘူတာကျော်ရင် ၂၅၀၀ ကျပ်သတ်မှတ်ထားပြီး ကြားဘူတာ ၁၂ ဘူတာမှာ ရပ်တန့်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။