စပိန်နိုင်ငံကဝယ်ယူထားတဲ့ အဲကွန်းပါခေတ်မီ Diesel Electric Multiple Unit (DEMU) ရထားတွဲဆိုင်းအသစ်တွေနဲ့ ရန်ကုန်-ပဲခူး ရထားခရီးစဉ်တွေကို အောက်တိုဘာ(၂)ရက်မှာ စတင်ပြေးဆွဲနေပြီဖြစ်တယ်လို့ မြန်မာ့မီးရထားကနေသိရပါတယ်။
DEMU ရထားတွဲဆိုင်းသစ်တွေနဲ့ ရန်ကုန်-ပဲခူး-ရန်ကုန်ခရီးစဉ် လူစီးရထားတွေ စတင်ပြေးဆွဲတဲ့အခမ်းအနားကို အောက်တိုဘာ(၁)ရက်က ရန်ကုန်ဘူတာကြီးမှာကျင်းပခဲ့တာပါ။ အရင်က ရန်ကုန်-ပဲခူး ခရီးစဉ်အဖြစ် ပြေးဆွဲပေးနေတဲ့ အမှတ်(၁၃)အဆန်၊ အမှတ်(၁၄) အစုန် RBE ရထားခရီးစဉ်တွေကို ယာယီရပ်ဆိုင်းပြီး RBE ရထားခရီးစဉ် အချိန်စာရင်းအတိုင်းခေတ်မီ DEMU ရထားတွဲဆိုင်းအသစ်တွေနဲ့ အမှတ်(၁၅)အဆန်၊ အမှတ်(၁၆)အစုန် DEMU ရထားအဖြစ်ပြောင်းလဲပြေးဆွဲသွားမှာဖြစ်ပါတယ်။
ပဲခူး-ရန်ကုန်ခရီးစဉ် DEMU ရထားဟာ ပဲခူးဘူတာကနေ မနက် ၆ နာရီလောက်မှာ စတင်ထွက်ခွာပြီး ရန်ကုန်ဘူတာကို မနက် ၈ နာရီ မိနစ် ၂၀ လောက်မှာ ဆိုက်ရောက်မှာဖြစ်တယ်လို့သိရပါတယ်။ ရန်ကုန်-ပဲခူး ခရီးစဉ်ကိုတော့ ရန်ကုန်ဘူတာကနေ ညနေ ၄ နာရီ ၄၅ မိနစ်လောက်မှာ ပြန်လည်ထွက်ခွာပြီး ပဲခူးဘူတာကို ည ၇ နာရီ ၅ မိနစ်လောက်မှာ ဆိုက်ရောက်မှာဖြစ်တယ်လို့ဆိုပါတယ်။
DEMU ရထားခရီးစဉ်မှာ ပုဇွန်တောင်၊ မလွှကုန်း၊ သင်္ဃန်းကျွန်း၊ တိုးကြောင်ကလေး၊ ရွာသာကြီး၊ လေးဒေါင့်ကန်၊ ဒါးပိန်၊ ကော့ချဲ၊ ထုံးကြီး၊ ကျောက်တန်း၊ တာဝနဲ့ ဘုရားသုံးဆူစုစုပေါင်း(၁၂)ဘူတာတို့မှာ ရပ်တန့်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ ဒါ့အပြင် ခရီးသည် ရပ်စီး၊ ထိုင်စီး စုစုပေါင်း ၈၃၂ ယောက် စီးနင်းလိုက်ပါနိုင်ပြီး ခရီးသွားလက်မှတ်ခ အနေနဲ့ ခရီးစဉ် အစ အဆုံး တစ်ယောက်ကို ငွေကျပ် ၂၅၀၀ နဲ့ ခရီးတစ်ဝက် လိုက်ပါ စီးနင်းရင် ငွေကျပ် ၁၃၀၀ နှုန်း သတ်မှတ်ထားတယ်လို့ သိရပါတယ်။