၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံတစ်ဝန်း ယာဉ်တိုက်မှုကြောင့် လူနှစ်ထောင်ကျော် သေဆုံးခဲ့ပြီး အရင်နှစ်ထက် လျော့ကျသွားတယ်လို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

၂၀၂၄ ခုနှစ်အတွင်းက တိုင်းဒေသကြီး၊ပြည်နယ်တွေနဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတို့မှာ ယာဉ်တိုက်မှု ၃၈၇၅ ကြိမ် ဖြစ်ပွားပြီး လူသေဆုံးမှု ၂၀၁၁ ယောက်နဲ့ ထိခိုက်ဒဏ်ရာရမှု ၅၅၇၆ ယောက် ရှိခဲ့တာပါ။အရင် ၂၀၂၃ ခုနှစ်က ဖြစ်ပွားမှုနဲ့ နှိုင်းယှဉ်ရင်တော့ ယာဉ်တိုက်မှု အကြိမ် ၉၀၀ နီးပါး၊ လူသေဆုံးမှု ၄၀၀ ကျော်နဲ့ ထိခိုက်ဒဏ်ရာရမှု ၁၀၀၀ ကျော်လောက် လျော့ကျသွားခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

၂၀၂၄ ခုနှစ်အတွင်းက ရန်ကုန်တိုင်းဒေသကြီးမှာ ယာဉ်တိုက်မှုအကြိမ် ၈၀၀ ကျော် ၊ လူသေဆုံးမှု ၄၄၀ ကျော်နဲ့ အများဆုံးဖြစ်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်တို့မှာ ယာဉ်တိုက်မှုကြောင့် သေဆုံးမှု ဒုတိယနဲ့ တတိယအများဆုံး ရှိခဲ့တာကို တွေ့ရပါတယ်။ အခုလို ယာဉ်တိုက်မှုတွေ လျော့ကျလာပေမယ့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးဟောပြောပွဲတွေကို များများ ပြုလုပ်ပေးဖို့ လိုအပ်နေသေးတယ်လို့ ရန်ကုန်မြို့နေ ပြည်သူတချို့က ပြောပါတယ်။