မြန်မာသင်္ဘောသား လူသစ်တွေ ခေါ်ယူရာမှာ အင်္ဂလိပ်ဘာသာစကား အားနည်းချက်တွေရှိတဲ့အတွက် အလုပ်မရ ကြတာတွေ ရှိတယ်လို့ မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကပ္ပတိန် စိုးမင်း အောင်က One News ရဲ့ သီးသန့်မေးမြန်းမှုအပေါ် ဖြေကြားရာမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ချုပ်ရဲ့ ခန့်မှန်းချက်အရ လာမယ့် သုံးနှစ်ကနေ ငါးနှစ်အတွင်း ကမ္ဘာ့ပေါ်မှာ ကုန်သွယ်ရေး ပမာဏတွေ မြင့်မားလာနိုင်တဲ့အတွက် သင်္ဘောသား အလုပ်သမားလိုအပ်ချက် ဦးရေ သုံးသိန်း လောက် ရှိနိုင်တယ်လို့ ဆိုပါတယ်။လက်ရှိ မြန်မာနိုင်ငံမှာတော့ တရားဝင် မှတ်ပုံတင်ထားတဲ့ သင်္ဘောသားအရေအတွက် တစ်သိန်းခွဲလောက်ပဲ ရှိပြီး အဲဒီထဲမှာ သင်္ဘောတက်နေတဲ့ ဦးရေဟာ လေးသောင်းကျော်လောက်ပဲ ရှိနိုင်တယ်လို့ ကပ္ပတိန် စိုးမင်းအောင်က ပြောပါတယ်။လောလောဆယ်မှာတော့ သင်္ဘောသား လုပ်မယ်လို့ ရည်ရွယ်ချက်နဲ့ သင်္ဘောသားမှတ်ပုံတင်စာအုပ်ကိုင်ထားတဲ့ လူသစ်သင်္ဘောသားဦးရေ နှစ်သောင်းလောက်က အလုပ်မရသေးဘူးလို့ ဆိုပါတယ်။

မြန်မာသင်္ဘောသားလူငယ်တွေအနေနဲ့ လက်တွေ့ကျွမ်းကျင်မှု ရှိပေမယ့် အင်္ဂလိပ်ဘာသာစကား အားနည်းချက် ရှိ တဲ့အတွက် အလုပ်ခန့်ဖို့ အင်တာဗျူးတဲ့အခါမှာ အခက်အခဲတွေရှိပြီး အလုပ်လက်လွှတ်ရတာတွေ တွေ့ရတယ်လို့ ကပ္ပတိန် စိုးမင်းအောင်က ပြောပါတယ်။ မြန်မာသင်္ဘောသားလူငယ်တွေအတွက် သင်္ဘောသားအလုပ်အကိုင်အခွင့်အလမ်း ရှိနေပေမယ့် မီမီရရ ဆုပ်ကိုင် နိုင်ရေး အားစိုက်ကြိုးစားဖို့ လိုအပ်သလို သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေ လေ့ကျင့်သင်ကြားပေးနေတဲ့ သင်တန်းကျောင်းတွေကလည်း ဝိုင်းဝန်းပူးပေါင်း လုပ်ကိုင်ကြဖို့ လိုအပ်တယ်လို့လည်း ကပ္ပတိန် စိုးမင်းအောင်က ပြောကြားခဲ့ပါတယ်။