မဟာသင်္ကြန် နှစ်သစ်ကူးရုံးပိတ်ရက်ကာလအတွင်း ခရီးသွားပြည်သူတွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ အဆင်ပြေစွာ ခရီးသွားလာ နိုင်စေဖို့အတွက် ပုံမှန်ရထားခရီးစဉ်တွေအပြင် အထူးရထားခရီးစဉ်တွေကို တိုးချဲ့ပြေးဆွဲပေးသွားမှာ ဖြစ်တယ်လို့ မြန်မာ့မီးရထားက သိရပါတယ်၊၊အထူးရထားခရီးစဉ်တွေအဖြစ် ဧပြီ ၁၁ ရက်၊ ၁၂ရက်၊ ၂၀ ရက်နဲ့ ၂၁ ရက်တွေမှာ ရန်ကုန်-ပြည်နဲ့ ရန်ကုန်-မော်လ မြိုင် ခရီးစဉ်တွေကို တိုးချဲ့ ပြေးဆွဲပေးသွားမှာပါ။

ဧပြီ ၁၁ ရက်၊ ၁၂ ရက်၊ ၂၀ ရက်နဲ့ ၂၁ ရက်တွေမှာ အဆန်အထူးရထားဟာ ရန်ကုန်ကနေ မနက် ၉ နာရီ ၁၅ မိနစ် လောက်မှာ ထွက်ခွာပြီး မော်လမြိုင်ကို ညနေ ၆ နာရီလောက်မှာ ရောက်ရှိမှာဖြစ်ပါတယ်။ အစုန်အထူးရထားက တော့ မော်လမြိုင်ကနေ မနက် ၉ နာရီ ၁၀ မိနစ်လောက်မှာထွက်ခွာပြီး ရန်ကုန်ကို ညနေ ၅ နာရီ ၅၅ မိနစ် လောက် ရောက်ရှိမှာပါ၊၊ဧပြီ ၁၁ ရက်၊ ၁၂ ရက်နဲ့ ၂၁ ရက်တွေမှာတော့ အဆန်အထူးရထားဟာ ရန်ကုန်ကနေ နေ့လယ် ၁ နာရီလောက်မှာ ထွက်ခွာပြီး ပြည်ကို ည ၈ နာရီ ၅၅ မိနစ်လောက်မှာ ရောက်ရှိမှာဖြစ်ပါတယ်။ အဲဒီနေ့တွေမှာပဲ အစုန်အထူးရထား က ပြည်ကနေ ည ၁၀ နာရီခွဲလောက်မှာ ထွက်ခွာပြီး ရန်ကုန်ကို မနက် ၆ နာရီခွဲ လောက် ရောက်ရှိမှာဖြစ်တယ်လို့ သိရပါတယ်၊၊အထူးရထားတွေအပြင် ရန်ကုန်-မန္တလေး ခရီးစဉ် အမှတ်(၁၁)အဆန်နဲ့ (၁၂)အစုန် ရထားကို ပုံမှန်အတိုင်း ပြေးဆွဲပေးသွားမှာဖြစ်သလို ရန်ကုန်-နေပြည်တော် ခရီးစဉ် အမှတ်(၇)အဆန်နဲ့ (၈)အစုန် DEMU ရထားကို ဧပြီ ၁၀ ရက်၊ ၁၂ ရက်နဲ့ ၂၁ ရက်တွေမှာ ပြေးဆွဲပေးသွားမှာဖြစ်ပါတယ်၊၊

မြန်မာ့မီးရထားအနေနဲ့ ငလျင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ ရထားလမ်းပိုင်းတွေကို အမြန်ဆုံးပြင်ဆင်ပြီး ပြေးဆွဲ နိုင်ရေးဆောင်ရွက်ခဲ့ရာ ဧပြီ ၅ ရက်က ရန်ကုန်-မန္တလေးလမ်းပိုင်းမှာ ရထားတွေ ပြန်လည် ပြေးဆွဲနိုင်ပြီးဖြစ်သလို လက်ရှိမှာ ငလျင်ဘေးဒဏ် မကျရောက်မီက ပြေးဆွဲခဲ့တဲ့ သတ်မှတ်အမြန်နှုန်းတွေအတိုင်း ရန်ကုန်-မန္တလေး လမ်းပိုင်းရှိ ရထားခရီးစဉ်တွေကိုလည်း အချိန်မှန် မြန်ဆန်စွာ ပြန်လည်ပြေးဆွဲနိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်၊၊ဒါ့အပြင် ရထားစီးခရီးသွားပြည်သူတွေတွေကို လက်မှတ်ရောင်းချရာမှာ အထက်တန်းလက်မှတ်တွေကို ၃ ရက် ကြိုတင်ရောင်းချမှာဖြစ်ပြီး ရိုးရိုးတန်း လက်မှတ်တွေကို ၁ ရက်ကြိုတင် ရောင်းချပေးသွားမှာဖြစ်ပါတယ်။ ရထား လက်မှတ်ခနှုန်းထားနဲ့ ရပ်တန့်မယ့် ဘူတာတွေကလည်း ပုံမှန်ပြေးဆွဲပေးနေတဲ့အတိုင်း ဖြစ်တယ်လို့ သိရပါတယ်၊၊