ပဲခူး-မော်လမြိုင်ရထားလမ်းပိုင်း၊ သိမ်ဆိပ်နဲ့ ဒုံဝန်းဘူတာကြားမှာ ကျောက်ရထားမိုင်းခွဲခံရမှုကြောင့် ယာယီ ရပ်နားထားရတဲ့ ရန်ကုန်-မော်လမြိုင်-ရန်ကုန် ရထားခရီးစဉ်တွေကို မေလ၂၈ ရက်ကစပြီး ပြန်လည်ပြေးဆွဲပေး နေပြီဖြစ်တယ်လို့ မြန်မာ့မီးရထားကနေ သိရပါတယ်။ပဲခူး-မော်လမြိုင် ရထားလမ်းပိုင်း၊ သိမ်ဆိပ်နဲ့ ဒုံဝန်းဘူတာကြားမှာ မေလ ၂၅ ရက်က ကျောက်ရထား မိုင်းခွဲခဲ့ရတာ ကြောင့် ရထားတွဲတချို့ လမ်းချော်တိမ်းမှောက်ခဲ့ပြီး ရထားသံလမ်းလည်း ပျက်စီးသွားခဲ့လို့ ရထားခရီးစဉ်တွေကို ယာယီရပ်နားခဲ့ရတာပါ။

မူလက ရန်ကုန်-မော်လမြိုင်-ရန်ကုန် ရထားခရီးစဉ်ကို မေလ ၂၉ ရက်မှာ ပြန်လည်ပြေးဆွဲပေးမယ်လို့ ကြေညာ ထားပေမဲ့ ရထားလမ်းပြုပြင်တဲ့လုပ်ငန်းတွေ သတ်မှတ်ချိန်ထက်စောပြီး ပြီးစီးသွားတာကြောင့် မေလ ၂၇ ရက် ညနေပိုင်းမှာ ကျောက်ရထားနဲ့ ကုန်ရထားတွေ ပြန်လည်ပြေးဆွဲခဲ့သလို မေလ၂၈ ရက်မှာ အမှတ် ၈၁ အဆန်/ ၈၂ အစုန် ရန်ကုန်-မော်လမြိုင်-ရန်ကုန် လူစီးရထားခရီးစဉ်တွေ ပြန်လည်ပြေးဆွဲပေးတာဖြစ်တယ်လို့ ဆိုပါတယ်။မေလ၂၈ ရက်မှာ အမှတ် ၈၂ အစုန် မော်လမြိုင်-ရန်ကုန် အစုန်ရထားကို ရိုးရိုး AAR တွဲဆိုင်းနဲ့ ပြေးဆွဲပေးမှာ ဖြစ်တယ်လို့လည်း မော်လမြိုင်ဘူတာကြီးက ကြေညာထားပါတယ်။