ကျောက်ရထားမိုင်းခွဲခံရမှုကြောင့် ယာယီရပ်နားထားတဲ့ ရန်ကုန်-မော်လမြိုင်ရထားခရီးစဉ်ကို မေလ ၂၉ ရက် ကစပြီး ပြန်လည်ပြေးဆွဲသွားမှာဖြစ်တယ်လို့ မြန်မာ့မီးရထားကနေ သိရပါတယ်။ပြီးခဲ့တဲ့ မေလ၂၅ ရက်က မွန်ပြည်နယ်၊သထုံမြို့နယ်၊ ကလိကျွန်းကျေးရွာအနီး၊ ရထားမိုင်တိုင်အမှတ် (၁၂၄)မိုင် (၃)ဖာလုံအနီးမှာ ကျောက်တင်ရထားတစ်စင်း မိုင်းထောင်ဖောက်ခွဲခံခဲ့ရတာပါ။

အဲဒီဖြစ်စဥ်ကြောင့် ရထားတွဲတချို့ လမ်းချော်တိမ်းမှောက်ခဲ့သလို ရထားသံလမ်းတွေလည်း ပြတ်ထွက်သွားခဲ့ပြီး ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်ကို ယာယီရပ်နားခဲ့ရပါတယ်။ရထားခရီးစဉ် အမြန်ဆုံး ပြန်လည်ပြေးဆွဲနိုင်ရေးအတွက် မြန်မာ့မီးရထားဝန်ထမ်းတွေကအင်တိုက်အားတိုက်ပြု ပြင်နေပြီး မေလ ၂၉ ရက်စလို့ ရန်ကုန်-မော်လမြိုင်ရထားခရီးစဉ်ကို ပုံမှန်ပြန်လည်ပြေးဆွဲသွားနိုင်မယ်လို့ ဆိုပါတယ်။မေလ ၂၉ ရက်မှာ မော်လမြိုင်ဘူတာကြီးကနေထွက်ခွာမယ့် အမှတ် ၈၂ အစုန် မော်လမြိုင်-ရန်ကုန်ရထားကို ရိုးရိုး AAR တွဲဆိုင်းနဲ့ ပြေးဆွဲပေးသွားမယ်လို့ မော်လမြိုင်ဘူတာကြီးက ကြေညာထားပါတယ်။