ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်နဲ့ ပြည်သူ့ရင်ပြင်ကို ဆက်သွယ်တည်ဆောက်နေတဲ့ မြေအောက်လမ်းကူးလူသွားဥမင် (Underpass)လုပ်ငန်းဆောင်ရွက်နေမှုဟာ ၇၉ ရာခိုင်နှုန်းကျော်ပြီးစီးပြီဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ သိရပါတယ်။
လက်ရှိမှာ အပိုင်း(၁)လမ်းလယ်ကျွန်းလုပ်ငန်းပြီးစီးပြီဖြစ်ပြီး အပိုင်း(၂)ဘုရားဘက်ခြမ်းလုပ်ငန်း ရာခိုင်နှုန်း ၉၀ ကျော်၊ အပိုင်း(၃)ပြည်သူ့ရင်ပြင်ဘက်ခြမ်း လုပ်ငန်း ၉၂ ရာခိုင်နှုန်းကျော်၊ အချောသပ်လုပ်ငန်းဆောင်ရွက်မှုတွေနဲ့ လုပ်ငန်းတစ်ရပ်လုံးရဲ့ ၇၉ ရာခိုင်နှုန်းကျော်ပြီးစီပြီဖြစ်တယ်လို့ဆိုပါတယ်။
မြေအောက်လမ်းကူးလူသွားဥမင်ဟာ ၂၃ ပေ ကျယ်ဝန်းပြီး တစ်နာရီကိုလူဦးရေ ၁၄၀၀၀ လောက် ဖြတ်သန်းသွားလာနိုင်ကာ ရွေ့လျားစက်လှေကား(၄)စင်း၊ သက်ကြီးရွယ်အိုတွေနဲ့မသန်စွမ်းသူတွေအသုံးပြုဖို့ ဓာတ်လှေကား(၁၀)ယောက်စီး(၂)စင်း ပါရှိတယ်လို့သိရပါတယ်။
ရွှေတိဂုံစေတီတော်နဲ့ ပြည်သူ့ရင်ပြင်ကို ပြည်သူတွေသွားလာရာမှာ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေပြီး သက်သောင့်သက်သာဖြတ်သန်းသွားလာနိုင်ဖို့နဲ့ ခေတ်မီအခြေခံအဆောက်အအုံတစ်ခု ပေါ်ပေါက်လာစေဖို့ရည်ရွယ်ပြီး မြေအောက်လမ်းကူး လူသွားဥမင်တည်ဆောက်တာဖြစ်တယ်လို့သိရပါတယ်။