မကွေးမြို့တွင်း ခရီးသည်တင်အိုးဝေပြေးဆွဲနေသူတွေဟာ ခရီးသည်ရရှိမှု နည်းပါးနေတယ်လို့ သိရပါတယ်။ မကွေးမြို့မှာ မြို့တွင်း ခရီးသည်တင် အငှားယာဉ်ပြေးဆွဲမှုအနေနဲ့ အိုးဝေဆိုင်ကယ်တွေကိုသာ အဓိက အသုံးပြု ကြတာ ဖြစ်ပါတယ်။

အရင်က မြို့တွင်း ခရီးသည်တင် အငှားယာဉ်ပြေးဆွဲမှုကို သုံးဘီးဆိုင်ကယ်တွေ အသုံးပြု ကြပြီး လက်ရှိကာလမှာတော့ ပိုမိုအဆင့်မြင့်လာတဲ့ အိုးဝေဆိုင်ကယ်တွေက အစားထိုး နေယူလာတာဖြစ်တယ်လို့ သိရပါတယ်။အိုးဝေ အစီးရေ များပြားလာမှု၊ ဆီဈေးမြင့်တက်မှုတွေကြောင့် ခရီးသည် ရရှိမှုမှာ နည်းပါးလာတယ်လို့ မကွေးမြို့က အိုးဝေပြေးဆွဲသူ ဦးသက်ထွန်းက ပြောပါတယ်။

မကွေးမြိုတွင်း အိုးဝေအငှားခေါ်ယူရာမှာ နေရာအနီးအဝေးအလိုက် အနိမ့်ဆုံး (၂၀၀၀)ကျပ်ကနေ ကျပ် တစ်သောင်းခွဲထိ ရှိတယ်လို့ ဆိုပါတယ်။ လက်ရှိကာလမှာ မကွေးမြို့တွင်း အိုးဝေပြေးဆွဲသူတွေအနေနဲ့ တစ်ရက်ကို ကျပ်တစ်သောင်းကနေ တစ်သောင်းခွဲ လောက်သာ ပုံမှန်ရရှိပြီး အဆင်ပြေတဲ့ နေရာတွေမှာဆိုတော့ ကျပ်သုံးသောင်းလောက်ထိ ရရှိကြတယ်လို့ သိရပါတယ်။