တစ်နိုင်ငံလုံးအတိုင်အတာနဲ့ လိုင်စင်မဲ့ မော်တော်ယာဉ်နဲ့ မော်တော်ဆိုင်ကယ်တွေ စီးနင်းရောင်းချတာ မရှိစေရေး ဖော်ထုတ်ဖမ်းဆီး အရေးယူတာတွေကို ဇွန်လ ၁ ရက်ကစပြီး ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကနေ သိရ ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း လိုင်စင်မဲ့ ကားနဲ့ ဆိုင်ကယ်တွေ စီးနင်းမှု မရှိစေရေးအတွက် သက်ဆိုင်ရာက မြို့နယ်အချို့မှာ တင်းတင်းကျပ်ကျပ် စစ်ဆေးပြီး ဖော်ထုတ်ဖမ်းဆီးအရေးယူတာတွေ ဆောင်ရွက် နေတယ်လို့ ပြည်သူတချို့က ပြောပါတယ်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းမှာလည်း လိုင်စင်မဲ့ကားနဲ့ ဆိုင်ကယ်တွေ စီးနင်းမှု မရှိ စေရေးအတွက် ဇွန်လ ၁ ရက်ကစပြီး ဖော်ထုတ်ဖမ်းဆီး အရေးယူတာတွေ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။မုံရွာမြို့ ကျောက္ကာလမ်းပေါ်က ဆိုင်ကယ်ရောင်းဝယ်ရေးဆိုင်တွေကို သွားရောက်ပြီး လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံ ကာ စည်ပင်လုပ်ငန်းလိုင်စင်၊ ရောင်းချခွင့် လိုင်စင်၊ အခွန်ဆောင် ထားရှိမှု စတဲ့ သတ်မှတ် လုပ်ငန်းလိုင်စင်တွေ ရှိ/မရှိ ကြည့်ရှုစစ်ဆေးတာတွေ နဲ့ အရေးယူဖမ်းဆီးတာတွေ ဆောင်ရွက်ခဲ့တာလို့ ဆိုတယ်။မုံရွာမြို့နယ်အတွင်းမှာ လိုင်စင်မဲ့ မော်တော်ယာဉ်နဲ့မော်တော်ဆိုင်ကယ်တွေ (လုံးဝ) မရှိစေရေး စီမံချက်ချမှတ်ပြီး ဖော်ထုတ် ဖမ်းဆီးဆောင်ရွက်သွားမှာ ဖြစ်သလို မြို့နယ်အတွင်းက ဆိုင်ကယ် Showroom အရောင်းဆိုင်တွေမှာ လိုင်စင်မဲ့ ဆိုင်ကယ်တွေ ရှိ/ မရှိ ကိုလည်း အဖွဲ့စုံ နဲ့ စစ်ဆေးဆောင်ရွက်သွားမယ်လို့ သိရပါတယ်။အဲဒီအပြင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့မှာလည်း လိုင်စင်မဲ့ယာဉ်တွေ စီးနင်းတာ ရောင်းချတာတွေကို ရဲတပ် ဖွဲ့၊ တပ်မတော်သားတွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့တွေက အဓိက လမ်းမကြီးတွေနဲ့ လမ်းသွယ်လမ်းကြားတွေမှာ စစ် ဆေး အရေးယူဖမ်းဆီးတာတွေ ဆောင်ရွက်နေပြီး ဇွန်လ ၁ ရက်နဲ့ ၂ ရက်အတွင်း လိုင်စင်မဲ့ယာဉ် စီးနင်းမှုနဲ့ ရောင်းချမှုအတွက် ဖမ်းဆီးအရေးယူခံရသူ အများအပြား ရှိတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

လတ်တလောမှာတော့ လိုင်စင်မဲ့ ယာဉ်စီးနင်းမှု ရောင်းချမှုတွေအတွက် ယာဉ်တွေ သိမ်းဆည်းခံရပြီး စီးနင်းသူ ရောင်းချသူတွေကိုလည်း တရားစွဲ အရေးယူသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။လိုင်စင်မဲ့ မော်တော်ယာဉ် နဲ့ မော်တော်ဆိုင်ကယ်တွေ စီးနင်းနေမှုတွေကို ဖော်ထုတ်သွားဖို့နဲ့ ပါဝင် ပတ်သက် နေသူ အားလုံးကို စိစစ်ဖော်ထုတ် အရေးယူဆောင်ရွက်သွားဖို့ လိုတယ်လို့ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မေ ၂၀ ရက်က ပြုလုပ်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအဖွဲ့ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးမှာ ပြောကြားထားပါတယ်။ဒါ့အပြင် လက်ရှိ တရားမဝင်ကုန်ပစ္စည်းတွေ တင်ပို့မှု နဲ့ တင်သွင်းမှုတွေ များပြားလာနေပြီး ဖမ်းဆီးရမိမှုတွေ အနေနဲ့ လိုင်စင်မဲ့ မော်တော်ယာဉ်နဲ့ မော်တော်ဆိုင်ကယ်တွေ အများဆုံးဖြစ်တယ်လို့လည်း နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကလည်း မေ ၂၆ ရက်က ပြုလုပ်တဲ့ တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီအစည်းအဝေးမှာ ပြောကြားထားတာ ရှိပါတယ်။