ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်မှာ ဇွန် ၄ ရက် မနက်ပိုင်းက ဘတ်စ်ကားတစ်စီး လမ်းဘေး သစ်ပင်ကို ဝင်ရောက်တိုက်မိမှုကြောင့် ယာဉ်မောင်းအမျိုးသား သေဆုံးခဲ့ပြီး ခရီးသည် ၁၁ ယောက် ဒဏ်ရာရခဲ့ တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ကျုံပျော်ကနေ ရန်ကုန်ကို မောင်းနှင်လာတဲ့ အဲဒီဘတ်စ်ကားဟာ ကျောင်းကုန်းမြို့နယ်၊ သဲကုန်းကျေးရွာ၊ မိုင်တိုင်အမှတ် (၇၇)မိုင် (၇)ဖာလုံအရောက်မှာ လမ်းဘေး ထိုးကျပြီး သစ်ပင်ကို ဝင်ရောက်တိုက်မိမှု ဖြစ်ပွားခဲ့ တာပါ။

အခင်းဖြစ်ပွားရာနေရာကို ကျောင်းကုန်းမြို့နယ် မီးသတ်စခန်းက မီးသတ်တပ်ဖွဲ့ဝင်တွေက ကယ်ဆယ်ရေး လုပ်ငန်းတွေ သွားရောက်ဆောင်ရွက်ခဲ့ကြပါတယ်၊၊ ယာဉ်တိုက်မှု ဖြစ်စဉ်ကြောင့် သေဆုံးတဲ့ ယာဉ်မောင်း ရုပ်အလောင်းနဲ့ ထိခိုက်ဒဏ်ရာရတဲ့ ခရီးသည်တွေကို ကျောင်းကုန်းလူငယ် နာရေးကူညီမှုအသင်းက ယာဉ်နဲ့ ကျောင်းကုန်း ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်၊၊ပြီးခဲ့တဲ့ ဇွန် ၂ ရက်၊ မနက်အစောပိုင်းကလည်း မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ မိတ္ထီလာ-ကျောက်ပန်း တောင်း ကားလမ်း၊ မိုင်တိုင် ၁၄ မိုင်၊ ၃ ဖာလုံနဲ့ ၄ ဖာလုံကြားမှာ ခရီးသည်တင်ယာဉ်ဘတ်စကားတစ်စီး တိမ်းမှောက်ခဲ့ရာ လူ ၆ ယောက် သေဆုံးတဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသေးတယ်။