ရန်ကုန်-မော်လမြိုင် ရထားလမ်းပိုင်းရှိ သထုံမြို့နယ်၊ ကလိကျွန်းကျေးရွာအနီး၊ ရထားမိုင်တိုင်အမှတ် (၁၂၄/၃) အနီးမှာ မေ ၂၅ ရက်၊ မနက် ၈နာရီခန့်က ကျောက်တင်ရထားတစ်စင်း မိုင်းထောင် ဖောက်ခွဲ ခံခဲ့ရတာကြောင့် ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ် ယာယီရပ်နားထားတယ်လို့ မြန်မာ့မီးရထားကနေ သိရပါတယ်။

မိုင်းခွဲခံရမှုကြောင့် ကျောက်တင်ရထားရဲ့ မိုင်းခံတွဲနဲ့ ရထားတွဲလေးတွဲလမ်းချော်ကျသွားပြီး နောက်ထပ်တစ်တွဲက တိမ်းစောင်း သွားတယ်လို့ ဆိုပါတယ်။ဒါ့အပြင် ရထားသံလမ်းလည်း ပေ ၂၀၀ လောက်ပြတ်ထွက်သွားတယ်လို့ သိရပါတယ်။အဲဒီဖြစ်စဉ်ကြောင့် မေလ ၂၅ ရက်မနက်မှာ ရန်ကုန်နဲ့ မော်လမြိုင်ကနေ အသီးသီးထွက်ခွာလာတဲ့ အမှတ်၈၁ အဆန် ရန်ကုန်-မော်လမြိုင် ရထားနဲ့ အမှတ်၈၂အစုန် မော်လမြိုင်-ရန်ကုန် အစုန်ရထားတွေလည်း ခရီးစဉ် ဖျက်သိမ်းပြီး ပြန်လှည့်ခဲ့ရတယ်လို့ ဆိုပါတယ်။လက်ရှိမှာတော့ ပျက်စီးသွားတဲ့ရထားလမ်းကို ပြန်လည်ပြုပြင်နေပြီး ရထားခရီးစဉ် အမြန်ဆုံး ပြန်လည် ပြေးဆွဲ နိုင်ရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။