ပြည်တွင်းကုန်းလမ်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် သက်တမ်းတိုးတာနဲ့ လုပ်ငန်းလိုင်စင် ပြင်ဆင်ပြောင်းလဲတာကို ဖေဖော်ဝါရီ ၁၀ ရက်က စတင်ပြီး အွန်လိုင်း ကွန်ပျုတာစနစ်နဲ့ လုပ်ဆောင်သွားမယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနက ထုတ်ပြန်ပါတယ်။
အွန်လိုင်းကွန်ပျူတာစနစ် အသုံးပြုပြီး လိုင်စင်သက်တမ်းတိုးတာနဲ့ ပြင်ဆင်ပြောင်းလဲတဲ့ လုပ်ငန်းတွေကို ဖေဖော် ဝါရီလ ၁၀ ရက်ကနေ မတ်လ ၃၁ ရက်အထိ စမ်းသပ်ကာလအဖြစ် ဆောင်ရွက်သွားမှာပါ။ အဲဒီနောက် ဧပြီ ၁ ရက် ကစကာ အပြည့်အဝ ဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။ ဒီစနစ်ကို ကနဦးအနေနဲ့ ရန်ကုန်နဲ့မန္တလေးတို့မှာ စတင်ကျင့်သုံးဆောင်ရွက်မှာ ဖြစ်ပါတယ်။အွန်လိုင်းစနစ်နဲ့ ဆောင်ရွက်နိုင်ဖို့အတွက် ၂၀၂၄ ခုနှစ် ဩဂုတ်လက ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာနနဲ့ Secure Link Co., Ltd တို့အကြား သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြတာပါ။ အဲဒီ သဘောတူစာချုပ်အရ ကွန်ပျူတာစနစ် ရေးဆွဲတည်ဆောက်ရေးကာလ ပထမ ၆ လ ပြီးဆုံးရင် ကုန်းလမ်း သယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ထုတ်ပေးတဲ့ လုပ်ငန်းတွေထဲက လုပ်ငန်းလိုင်စင် သက်တမ်းတိုးတာနဲ့ လုပ်ငန်းလိုင်စင် ပြင်ဆင်ပြောင်း လဲတဲ့လုပ်ငန်းတွေကို ရန်ကုန်နဲ့ မန္တလေးရုံးတွေမှာ စတင်ဖော်ဆောင်သွားရမှာ ဖြစ်ပါတယ်။

ဒုတိယအဆင့်အနေနဲ့ ကွန်ပျူတာစနစ်တည်ဆောက်ရေးကာလ ၆ လ ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပြီး တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နဲ့ မြို့နယ်ရုံးအားလုံးမှာ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ထုတ်ပေးတဲ့လုပ်ငန်းတွေကို Website, Web Portal , Mobile( IOS/ Android )တို့ကတစ်ဆင့် လျှောက် ထားဆောင်ရွက်နိုင်မယ်လို့ သိရပါတယ်။ပို့ဆောင်ရေး စီမံကိန်းဦးစီး ဌာနကနေ ကုန်စည်သယ်ယူပို့ဆောင်းရေးလုပ်ငန်းလိုင်စင်(က လိုင်စင်)၊ ခရီးစဉ် ခရီး သည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းလိုင်စင် (ခလိုင်စင်) ၊ စင်းလုံးငှား ခရီးသည်သယ်ယူပို့ဆောင်ရေးလုပ်ငန်း လိုင်စင်(ဂ လိုင်စင်)၊ ပဋိညာဉ်အရ သယ်ယူပို့ဆောင်ရေးလိုင်စင် (ဃ လိုင်စင်)နဲ့ ကိုယ်ပိုင် စီးပွားရေးအတွက် သယ်ယူပို့ဆောင်ရေးလုပ်ငန်းလိုင်စင်(င လိုင်စင်) အမျိုးအစားတွေကို ထုတ်ပေးနေတာ ဖြစ်ပါတယ်။