မြန်မာနိုင်ငံအတွင်းက ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကောင်းစွာ ရှာဖွေတူးဖော်ထုတ်လုပ်တာ မလုပ်ရသေးတဲ့ ကုန်း တွင်းအနည်ကျချိုင့်ဝှမ်း(၉)ခုရှိတဲ့အထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ကလောအနည်ကျ ချိုင့်ဝှမ်းအတွင်း ကွင်းဆင်း လေ့လာတဲ့ လုပ်ငန်းတွေကို အခုမေလကစပြီး ဆောင်ရွက်နေပြီ ဖြစ်တယ်လို့ စွမ်းအင်ဝန်ကြီးဌာနကနေ သိရပါတယ်။

အရင်က ကုန်းတွင်းရေနံမြေတွေ ရှာဖွေတဲ့အခါ ဘူမိဗေဒလေ့လာနိုင်ဖို့အတွက် ကောင်းကင်ဓာတ်ပုံတွေကိုသာ အသုံးပြုခဲ့ရတာ ဖြစ်ပါတယ်။ အခုအခါ နည်းပညာတွေ မြင့်မားလာတာနဲ့အမျှ ဂြိုဟ်တုပုံတွေကို အသုံးပြုနိုင်ပြီ ဖြစ်လို့ ရေနံနဲ့သဘာဝဓာတ်ငွေ့ ရှာဖွေရာမှာ ပိုမိုလွယ်ကူစွာ ဆောင်ရွက်လာနိုင်ပြီ ဖြစ်တယ်လို့ ဆိုပါတယ်။အခုကွင်းဆင်းလေ့လာတာဟာ ပဏာမ စူးစမ်းလေ့လာတဲ့ အဆင့်ဖြစ်ပြီး ဆက်ပြီးလည်း ရေနံမြေသစ်တစ်ခု ရှာဖွေဖော်ထုတ်နိုင်မဲ့ ကွင်းဆင်းလေ့လာမှုမှတ်တမ်းတစ်ခုရရှိဖို့ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ကွင်းဆင်းလုပ်ငန်းဆောင်ရွက်တာကို ရန်ကုန်တက္ကသိုလ်နဲ့ ရန်ကုန်နည်းပညာတက္ကသိုလ်၊ မြန်မာ့ရေနံနဲ့ သဘာဝ ဓာတ်ငွေ့လုပ်ငန်းနဲ့ ဘူမိဗေဒပညာရှင်တွေ ပူးပေါင်းလုပ်ဆောင်မှာ ဖြစ်ပါတယ်။ ကလောအနည်ကျ ချိုင့်ဝှမ်း ဒေသဟာ ကုန်းတွင်းရေနံနဲ့သဘာဝဓာတ်ငွေ့ လုပ်ကွက်အမှတ် PSC-U နဲ့ PSC-V တို့အကြား ရှမ်းပြည်နယ် (တောင်ပိုင်း)၊ကလောမြို့အနီးဝန်းကျင်မှာ တည်ရှိတာ ဖြစ်ပါတယ်။