ပြီးခဲ့တဲ့ ဇူလိုင်လ ၂ ရက်က ရန်ကုန် – တာချီလိတ် လေကြောင်းခရီးစဉ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ လေယာဉ်ညာဘက် တောင်ပံ ရင်းမှာရှိတဲ့ လေကာဖုံးပြတ်ထွက်မှုကို ပြင်ဆင်ထားပြီးဖြစ်တယ်လို့ အဲသံလွင်လေကြောင်းလိုင်းက ထုတ်ပြန်ပါတယ်။အဲသံလွင်လေကြောင်းလိုင်းရဲ့ လေယာဉ်ခရီးစဉ်အမှတ် ST-739 ဟာ ဇူလိုင်လ ၂ ရက်က ရန်ကုန်ကနေ တာချီလိတ်ကို ပျံသန်းစဉ် လေယာဉ်ရဲ့ညာဘက်တောင်ပံရင်းမှာရှိတဲ့ လေကာအဖုံးလေတိုက်စားပြီး ပြတ်ထွက်မှုဖြစ်ပေါ်ခဲ့တာပါ။

ဒီလို ဖြစ်ခဲ့ပေမဲ့လည်း လေယာဉ်ဟာ တာချီလိတ်လေဆိပ်ကို အန္တရာယ်ကင်းရှင်းစွာနဲ့ ဆင်းသက် နိုင်ခဲ့ပြီး ခရီးသည်တွေ အပါအဝင် လေယာဉ်အမှုထမ်းတွေအပေါ် ဘေးအန္တရာယ်ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။အဲဒီ လေကာပြားအဖုံးတပ်ဆင်ထားတဲ့နေရာက လေယာဉ်အတွင်းပိုင်း Pressurization area နဲ့ ဆက်စပ်မှုမရှိတာကိုစစ်ဆေးတွေ့ရှိရတယ်လို့ ဆိုထားပါတယ်။ဒါကြောင့် အဲဒီလေယာဉ်ကို ဘေးအန္တရာယ်ကင်းရှင်းစွာ ပျံသန်းဝန်ဆောင်မှုပေးနိုင်ဖို့အတွက် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ လေယာဉ်စစ်ဆေးမှုဌာနခွဲနဲ့ လေယာဉ်ထုတ်လုပ်တဲ့ ကုမ္ပဏီ လမ်းညွှန်မှုတွေနဲ့ လိုအပ်တာတွေကို စစ်ဆေးပြင်ဆင်ထားပြီးဖြစ်တယ်လို့ အဲသံလွင်လေကြောင်းလိုင်းက ပြောပါတယ်။အဲဒီလို လေယာဉ်လေကာဖုံးပြတ်ထွက်တာကို လေယာဉ်ပေါ်လိုက်ပါသူတွေ သတိမထားမိခဲ့ကြဘဲ တာချီလိတ် လေဆိပ်ရောက်မှသာ သိရတယ်လို့ ခရီးသည်တချို့က ပြောပါတယ်။