တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်း-ရနောင်းနယ်စပ်ဂိတ်ကနေ နယ်စပ်ဖြတ်ကျော်ထွက်ခွာခွင့်ကို ပုံမှန်အတိုင်း ခွင့်ပြုထားတယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက အကြီးတန်းအရာရှိတစ်ယောက်ကပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ကော့သောင်းမြို့ကနေထိုင်းနိုင်ငံ၊ ရနောင်းမြို့ဘက်ကို ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ်နဲ့ထွက်ခွာမယ့်အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြား လူငယ်အချို့ကို ထွက်ခွာခွင့်ပိတ်ခဲ့တယ်လို့ သတင်းထွက်ပေါ်ခဲ့တာပါ။ ကော့သောင်းနယ်စပ်ဂိတ်ကနေ နယ်စပ်ဖြတ်ကျော်ထွက်ခွာခွင့်ကိုပိတ်ဖို့ ညွှန်ကြားထားတာမရှိဘူးလို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက အကြီးတန်းအရာရှိတစ်ယောက်ကပြောပါတယ်။

မြန်မာနယ်စပ်ကတစ်ဆင့် ထိုင်းနိုင်ငံဘက်ကို ကော့သောင်း-ရနောင်း၊ မြဝတီ-မဲဆောက်နဲ့ တာချီလိတ်-မယ်ဆိုင်ဂိတ်တွေကတစ်ဆင့် နှစ်နိုင်ငံတရားဝင်ကူးသန်းသွားလာနိုင်ဖို့ ခုနစ်ရက်သက်တမ်းရှိတဲ့ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်၊ အလည် အပတ်နိုင်ငံကူးလက်မှတ်၊ အလုပ်အကိုင်နိုင်ငံကူးလက်မှတ်စတဲ့ အမျိုးအစားတွေနဲ့ နယ်စပ်ဖြတ်ကျော်သွားလာခွင့်ပြုထားတာဖြစ်ပါတယ်။