ဧရာ၀တီမြစ်ရေတက်နိုင်တဲ့ အနိမ့်ပိုင်း ရေဝင်ရောက်နိုင်တဲ့နေရာတွေအတွက် သဲအိတ်တွေ ကြိုတင်ထားရှိတယ် လို့ မန္တလေးမြို့တော်စည်ပင်စည်ပင်သာယာရေးကော်မတီကနေ သိရပါတယ်။မန္တလေးမြို့ရှိ အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ အမရပူရ မြို့နယ် လေးမြို့နယ်အတွင်းရှိ (၁၂)လမ်းကနေ ရွှေကြက်ကျ နေရာအထိ ဧရာ၀တီမြစ်ကမ်း တစ်လျှောက် သဲအိတ်တွေ ပြင်ဆင်ထားရှိတာ ဖြစ်ပါတယ်။

အရင်နှစ်တွေကလည်း အခုလိုပဲ ကြိုတင်ပြင်ဆင်ထားရှိတဲ့အတွက် ရေကြီးရေလျှံတာတွေကို ကာကွယ်နိုင်ခဲ့ တယ်လို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ သန့်ရှင်းရေးဌာန ဌာနမှူး ဦးသန်းဇော်ထွန်းက ပြောပါတယ်။ ရေဝင်ရောက်နိုင်တဲ့နေရာတွေအတွက် သဲအိတ်(၈၀၀၀) ကြိုတင်ပြင်ဆင်ထားတာဖြစ်ပြီး မြစ်ကြောင်းအနီးမှာ နေထိုင်တဲ့ ပြည်သူတွေအနေနဲ့လည်း မိမိတို့ နေထိုင်တဲ့ဒေသတွေမှာ ရေကြီးတာတွေ ဖြစ်လာခဲ့လို့ရှိရင် ဌာန ဆိုင်ရာတွေကို အချိန်နဲ့တစ်ပြေးညီ သတင်းပေးပို့ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီအနေနဲ့လည်း သန့်ရှင်းရေးဌာနကနေ ဝန်ထမ်းတွေ၊ ပရဟိတအဖွဲ့ အစည်းတွေ ၊မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး ရေကြီးတဲ့နေရာကို အမြန်ဆုံး ရောက်အောင် ပို့ဆောင်ပေးသွား မှာ ဖြစ်တယ်လို့ သိရပါတယ်။