အခု ဘဏ္ဍာနှစ်အတွက် မြန်မာ့ပင်လယ်ပြင်အတွင်း ငါးမဖမ်းရ ရာသီကို မေ၊ ဇွန်၊ ဇူလိုင် အဖြစ်ပြောင်းလဲ သတ်မှတ်ထားတယ်လို ငါးလုပ်ငန်းဦးစီးဌာနက သိရပါတယ်။ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်က ငါးမဖမ်းရ ရာသီကို ဧပြီ၊ မေ၊ ဇွန် အဖြစ် သတ်မှတ်ခဲ့တာပါ။ အခုလို ငါးမဖမ်းရရာသီ သတ်မှတ်ထားတဲ့ကာလအတွင်းမှာ ကမ်းဝေးငါးဖမ်းလှေအားလုံး ရာနှုန်းပြည့် ရပ်နား ထားရမှာဖြစ်ပါတယ်။ ဒီကာလမှာ ကမ်းနီးငါးဖမ်းလှေတွေနဲ့ ငါးသယ်လှေတွေကတော့ ပင်လယ်ထဲမှာသွားလာခွင့် ရရှိမှာ ဖြစ်တယ်လို သိရပါတယ်။

မြန်မာ့ပင်လယ်ပြင်အတွင်း ငါးဖမ်းရာသီပိတ်ပြီ ဖြစ်တာကြောင့် ကမ်းဝေးငါးဖမ်းလှေတွေဖြစ်တဲ့ ဝါလတ် ၊ ဝါတန်း ၊ ကင်းမွန် အပါအဝင် အခြားငါးဖမ်းလှေ အားလုံးလုပ်ငန်းတွေ ရပ်နားထားကြပြီး ပင်လယ်ပြင်အတွင်း ငါးဖမ်းလုပ် ငန်း လုပ်ကိုင်နေတဲ့ ငါးဖမ်းသူတွေကလည်း ဧပြီ ၃၀ ရက် နောက်ဆုံးထားပြီး ဆိပ်ကမ်းတွေကို ပြန်လည် ဝင်ရောက်လာကြတယ်လို ငါးဖမ်းစက်လှေ လုပ်ငန်းရှင်တွေက ပြောပါတယ်။ မြန်မာ့ပင်လယ်ပြင်မှာ ဧရာဝတီ၊ တနင်္သာရီ၊ ရန်ကုန်၊ မွန်နဲ့ ရခိုင် ဒေသတွေမှာ ငါးဖမ်းကွက် အများအပြားရှိပြီး တနင်္သာရီတိုင်းဒေသကြီး ပင်လယ်ပြင် ငါးဖမ်းကွက်မှာ ကမ်းဝေးငါးဖမ်းလှေ အကြီး ၁၅၀၀ လောက် ရှိတယ်လို သိရပါတယ်။