ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာသွားလာနေတဲ့ Express ယာဉ်တွေအနေနဲ့ Telematics စနစ် စက်တပ်ဆင်ထားတာမရှိရင် အောက်တိုဘာလ ၁၆ ရက်ကစပြီး အမြန်လမ်းသုံးစွဲခွင့်ပြုမှာမဟုတ်ဘူးလို့ အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့လမ်းဦးစီးဌာနကအသိပေးထုတ်ပြန်ပါတယ်၊၊
Telematics စနစ် စက်တပ်ဆင်မှုတွေအတွက် စက်တပ်ဆင်တာနဲ့ ပညာပေးကာလရက်ပေါင်း(၁၂၀)သတ်မှတ်ပြီး အခုနှစ် ဇွန်လ ၁၈ ရက်ကနေ အောက်တိုဘာ ၁၅ ရက်အထိ ဆောင်ရွက်ပေးနေတာလို့ဆိုပါတယ်။

ရန်ကုန်-မန္တလေး အမြန်လမ်း မကြီးပေါ်မှာသွားလာနေတဲ့ ခရီးသည်တင်ယာဉ်တွေကို အမြန်လမ်းမကြီးဥပဒေနဲ့အညီ စည်းကမ်းတကျသွားလာစေဖို့၊ သတ်မှတ်မိုင်နှုန်းအတိုင်းမောင်းနှင်စေဖို့နဲ့ ခရီးသွားပြည်သူတွေယာဉ်အန္တရာယ်ကင်းရှင်းစေဖို့အတွက်ရည်ရွယ်ပြီး Telematics စနစ်စက်တွေတပ်ဆင်ပြီး ၂၄နာရီပတ်လုံး စောင့်ကြပ်ကြည့်ရှုသွားမှာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
Telematics စနစ်တပ်ဆင်ထားမယ်ဆိုရင် ယာဉ်မောင်းတွေရဲ့ မောင်းနှင်နေတဲ့အရှိန်ကို စောင့်ကြည့်ထိန်းချုပ်နိုင်တာ၊ ယာဉ်မောင်းတွေရဲ့ မောင်းနှင်ပုံကို လေ့လာဆန်းစစ်နိုင်တာ၊ ယာဉ်သွားလာမှုမှတ်တမ်းတွေကိုသိမ်းဆည်းနိုင်တာ၊ ယာဉ်မတော်တဆမှုဖြစ်ပွားရင် အချိန်နဲ့တစ်ပြေးညီသိရှိပြီး စီမံခန့်ခွဲနိုင်တာ၊ ယာဉ်ရပ်နားခွင့်ရှိတဲ့နေရာတွေ၊ ရပ်နားခွင့်မရှိတဲ့ နေရာတွေကို စောင့်ကြည့်ထိန်းချုပ်နိုင်တာတွေကို ဆောင်ရွက်ပေးနိုင်တယ်လို့သိရပါတယ်။