ပြည်ပနိုင်ငံတွေကို အလည်အပတ် PV နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူအချို့ ပြည်ပထွက်ခွာခွင့်မရဘဲ ပြန်လွှတ်ခံရတယ်ဆိုတာ အချက်အလက်မပြည့်စုံတာတွေကြောင့် ဖြစ်တယ်လို့ ပြည်တွင်း/ပြည်ပ လေယာဉ်လက်မှတ်အရောင်းဌာနတွေဆီကသိရပါတယ်။ လတ်တလောမှာတော့ PV နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားတဲ့ လူငယ်အချို့ဟာ ပြည်ပထွက်ခွာရာမှာ အချက်အလက်တချို့ မပြည့်စုံတာကြောင့် ပြန်လွှတ်တာမျိုးသာဖြစ်ပြီး ပြည်ပထွက်ခွာခွင့် ပိတ်ပင်တာမျိုးတော့မရှိဘူးလို့ဆိုပါတယ်။
လောလောဆယ်မှာတော့ PV နိုင်ငံကူးလက်မှတ်နဲ့ ပြည်ပထွက်ခွာလိုရင် မိမိသွားလိုတဲ့နိုင်ငံရဲ့ အသွားအပြန် လေယာဉ်လက်မှတ်၊ ဒေါ်လာ ၇၀၀ လောက်ပြသဖို့နဲ့ မိမိတည်းခိုမယ့် ဟိုတယ်ဘွတ်ကင်တွေလိုအပ်မှာဖြစ်တယ်လို့ ပြည်တွင်း/ပြည်ပ လေယာဉ်လက်မှတ်အရောင်းဌာနက တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။
အဲဒီအပြင် PV နိုင်ငံကူးလက်မှတ်နဲ့ ပြည်ပထွက်ခွာမယ့်သူတွေအနေနဲ့ ထောက်ခံပေးသူရှိမှသာ ပြည်ပထွက်ခွင့်ရမယ်လို့ သတင်းထွက်ပေါ်နေတဲ့အပေါ် မဟုတ်ဘူးလို့လည်းဆိုပါတယ်။
PV နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ပြီး အလုပ်အကိုင်ဗီဇာနဲ့ ပြည်ပကိုထွက်ခွာရာမှာ အပြည်ပြည်ဆိုင်ရာလေဆိပ်၊ နယ်စပ်ဂိတ်တွေမှာ စိစစ်တားမြစ်တာတွေခံရရင် မလိုလားအပ်တဲ့ဆုံးရှုံးမှုတွေမဖြစ်ပေါ်စေဖို့အတွက် ပြည်ပကိုအလုပ်သွားလုပ်မယ်လို့ ရည်ရွယ်ရင် မူလကတည်းက PJ အမျိုးအစားနိုင်ငံကူးလက်မှတ်ကိုလျှောက်ထားပြီး အလုပ်သမားဝန်ကြီးဌာနမှာ ပြည်ပအလုပ်သမားအဖြစ် မှတ်ပုံတင်ကာ OWIC ရယူပြီး တရားဝင်လုပ်သားအဖြစ်သွားရောက်လုပ်ကိုင်ကြဖို့ကိုလည်း အလုပ်သမားဝန်ကြီးဌာနက ဩဂုတ် ၁၄ ရက်က အသိပေးကြေညာထားပါတယ်။